သောင်ရင်းမြစ်နံဘေးက အမေ့လျော့ခံ စစ်ရှောင်များ
********
(သတင်းဆောင်းပါး)
ယမင်းဖူးပွင့်အောင်
၂၉၊ ၆၊ ၂၀၂၄
ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလကစလို့ အခုနှစ်ထဲမှာ လေးကေ့ကော်၊ ကော့ကရိတ်၊ သင်္ဃန်းညီနောင်၊ ဝှေ့ရှမ်းကျေးရွာနဲ့ မြဝတီအနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင် ဦးရေဟာ နေ့စဉ်တိုးလာနေပါတယ်။
စစ်ရှောင်စခန်းတွေဟာ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ အလှူရှင်နည်းပါးလာပြီး အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေးကူညီပေးသူတွေက ဆိုကြပါတယ်။
“သူတို့တွေရဲ့ အခက်အခဲက အဖက်ဖက်ကနေ ရှိတယ်။ စစ်ဖြစ်တော့ သူတို့ရွာတွေ ပျက်တယ်။ အိမ်တွေ ပျက်တယ်။ ဝင်ငွေတွေ မရှိတော့ဘူးပေါ့။ အဲဒီတော့ စစ်နှစ်ခါလောက်ဖြစ်ရင် သူတို့ဆီမှာ ဘာမှ ရစရာ မရှိတော့ဘူး” လို့ စစ်ရှောင်ကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
သောင်ရင်းမြစ်နံဘေး ကရင်ပြည်နယ်ဘက်ခြမ်းက လူဦးရေအများဆုံး ပလော့တပို့စစ်ရှောင်စခန်းမှာဆိုရင် အရင်က တစ်ပတ်ကို နှစ်ကြိမ် ရိက္ခာပေးဝေနိုင်ပေမယ့် အခုဆိုရင် တစ်ပတ် တစ်ကြိမ်သာ ရိက္ခာပေးဝေနိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ ဦးမင်းမင်းက ပြောပါတယ်။
ရိက္ခာအဖြစ် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားတို့အပြင် အသီးအရွက်နဲ့ သားငါးအနည်းငယ်သာ ပါဝင်ပါတယ်။
“နိုင်သလောက် အပတ်စဉ် မပျက်မကွက် သွားပေးနေတာပေါ့။ စစပိုင်းတုန်းက ကူတဲ့ အဖွဲ့တွေ များတယ်။ နောက်ပိုင်းကျ မရှိသလောက် ဖြစ်သွားပြီလေ” လို့ ဦးမင်းမင်းက ဆက်ပြောပါတယ်။
ပလောတပို့စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၆၀၀ ဝန်းကျင်နဲ့ လူဦးရေ ၂,၀၀၀ ခန့် ရှိပါတယ်။ ဒီစစ်ရှောင်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလတုန်းက လေးကေ့ကော်မြို့ တိုက်ပွဲဖြစ်ပွားချိန်က စတင်ဖြစ်တည်လာတာပါ။
စစ်ရှောင်သက်တမ်းသုံးနှစ်နီးပါးအကြာမှာ လေးကေ့ကော်မြို့တင်မကဘဲ ပဲခူး၊ ဧရာဝတီနဲ့ ကရင်ပြည်နယ်အနှံ့အပြားက စစ်ဘေးရှောင်ပြည်သူတွေလည်း လာရောက်ခိုလှုံနေကြတယ်လို့ ကူညီပေးသူတွေဆီက သိရပါတယ်။
ကျပန်းလုပ်ပြီး အသက်မွေး
********
စစ်ရှောင်စခန်းတွေမှာ အလှူရှင်နည်းပါးလာတာကြောင့် စစ်ရှောင်တွေထဲက တချို့ဟာ ကြုံရာကျပန်းအလုပ်လုပ်ပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေကြရပါတယ်။
အဓိကတော့ သူတို့ဟာ တောင်ယာလုပ်ငန်း၊ သစ်ခုတ်၊ ဝါးခုတ်၊ လက်သမားစတဲ့ အောက်ခြေအလုပ်တွေကို ရှာဖွေလုပ်ကိုင်နေကြတယ်လို့ စစ်ရှောင်နေတဲ့ အမျိုးသားတွေက ပြောပါတယ်။
ပလော့တပို့ စစ်ရှောင်စခန်းက ကိုအောင်အောင်ဟာဆိုရင် တစ်ခါတရံ ထိုင်းဘက်အခြမ်းကို သွားရောက်ပြီး ထိုင်းပိုင်ရှင်တချို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ နေ့စားဝင်ရောက်လုပ်ကိုင်နေသူပါ။
“တရုတ်ဆိုက်တွေက နေ့စားတွေ၊ ဘာတွေခေါ်ရင်တော့ သွားကြတယ်။ ပြောင်းစိုက်တယ်။ ပဲရိတ်ရတယ်။ ပြီးလို့ရှိရင်တော့ မရှိတော့ဘူး” လို့ သူက ဆိုပါတယ်။
ကိုအောင်အောင်ဟာ ပိုလီယိုရောဂါခံစားနေရတဲ့ ဇနီးနဲ့ သားတစ်ယောက်ရဲ့ဖခင်ဖြစ်ပါတယ်။ ဇနီးဖြစ်သူနဲ့ ဒီစစ်ရှောင်စခန်းလေးမှာပဲ ဖူးစာဆုံခဲ့ကြပြီး ကလေးချစ်တတ်တဲ့ဇနီးသည်ကြောင့် သားလေး တစ်ဦးကို မွေးဖွားခဲ့ကြတာပါ။
ဇနီးသည်ရဲ့ ကျန်းမာရေးကြောင့် သားလေးကိုလည်း ကြာကြာချီပိုးမထားနိုင်ပါဘူး။ ဒါကြောင့် အိမ်မှုကိစ္စတွေကို သူပဲ ဒိုင်ခံလုပ်ရင်း တစ်ဘက်မှာ မိသားစုရပ်တည်ရေးအတွက် ရရာအလုပ်တွေကို သိမ်းကျုံးလုပ်နေရတာပါ။
ကျပန်းအလုပ်တွေကလည်း တိုက်ပွဲတွေဖြစ်လာရင် ရပ်နားတာကြောင့် စစ်ရှောင်တွေအတွက် တစ်ပူပေါ် နှစ်ပူဆင့်ဖြစ်စေပါတယ်။
အလုပ်တွေ ရပ်ခဲ့လို့ အခက်အခဲဖြစ်သူတွေထဲ ပလော့တပို့စစ်ရှောင်စခန်းက နောက်ထပ် စစ်ရှောင်ဖြစ်တဲ့ မဖြိုးရတနာဝင်းတို့ မိသားစုလည်း ပါဝင်ပါတယ်။
မဖြိုးရတနာဝင်းဟာ စစ်ရှောင်စခန်းရောက်ပြီး တစ်နှစ်အကြာမှာ မွေးရာပါ နှလုံးအပေါက်ပါလာတဲ့ ကလေးကို မီးဖွားခဲ့တာပါ။ အသက်တစ်နှစ်ခွဲအရွယ်သာရှိသေးတဲ့ သူ့သားလေးရဲ့ ရောဂါဟာ ခွဲစိပ်ကုသရင် ပျောက်ကင်းနိုင်တယ်လို့ သူက ပြောပါတယ်။
သူ့ရည်ရွယ်ချက်ကတော့ အခုလာမယ့် ၇ လပိုင်းမှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ပေါ်က ဆေးရုံတစ်ခုမှာ သူ့ရင်သွေးကို ခွဲစိပ်ကုသဖို့ဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ဧပြီလက ဖြစ်ပွားခဲ့တဲ့ မြဝတီမြို့အနီးက တိုက်ပွဲတွေကြောင့် အမျိုးသားဖြစ်သူ လုပ်ကိုင်နေတဲ့ တောင်ယာလုပ်ငန်းတချို့ နားလိုက်ရပြီး အခုဆိုရင် ဝင်ငွေမရှိတဲ့ အခြေအနေကို သူတို့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
“ကလေးတွေအတွက်ပဲ ပူရတယ်။ အဖေနဲ့ အမေက ဖြစ်သလို စားလိုက်လို့ရတယ်။ အလုပ်က ဘယ်သူမှ မခေါ်ချင်ကြဘူး။ ဒီရောဂါကြီး ကလေးကိုလည်းမဖြစ်စေချင်ဘူး။ ပိုက်ဆံကလည်း မရှိဘူး၊ စိတ်ဓာတ်ကျတယ်” လို့ပြောပါတယ်။
ဆေးဝါးလိုအပ်ချက်လည်း မြင့်
**********
စစ်ရှောင်စခန်းတွေမှာ နောက်ထပ် လိုအပ်ချက်တစ်ခုကတော့ ဆေးဝါးဖြစ်ပါတယ်။ မြဝတီမြို့၊ ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတားအနီး၊ အမှတ် ၅ ရပ်ကွက်က ရေပူစမ်းကျေးရွာမှာ ယာယီဆောက်လုပ်ထားတဲ့ ရေပူစစ်ရှောင်စခန်းမှာဆိုရင် ဆေးဝါးနဲ့ ဆရာဝန်သုံးပစ္စည်းကိရိယာတွေလည်း လိုအပ်နေတယ်လို့ တာဝန်ခံတစ်ဦးက ပြောပါတယ်။
“ဆေးခန်းမှာ ဆေးတွေရော၊ ပစ္စည်းတွေရော ဘာမှ မရှိဘူး။ ဆရာဝန်ကိုင်တဲ့ နားကြပ်ပဲဖြစ်ဖြစ်၊ သွေးတိုင်းတဲ့ ကိရိယာတွေဖြစ်ဖြစ် ဆရာဝန်အသုံးအဆောင်ပဲဖြစ်ဖြစ် ဘာတစ်ခုမှ မရှိဘူး။ အဆောက်အဦးပဲ ရှိတာ။ တစ်ခါတလေ ပြင်ပက ဆေး လာပေးတာရှိတယ်။ ဘယ်အဖွဲ့အစည်းရယ်မှ ဂဃနဏဆေးပေးတာ မရှိဘူး” လို့ သူက ဆိုပါတယ်။
အခုမိုးရာသီမှာ ဖျားနာတာပဲဖြစ်ဖြစ် ယားယံတာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ခဲ့ရင် စစ်ရှောင်တွေအတွက် ဘာမှမရှိဘူးလို့ သူက ဆက်ပြောပါတယ်။
ရေပူစစ်ရှောင်စခန်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ရှစ်ဦးနဲ့ တခြားစစ်ရှောင်ဦးရေ ၁,၅၀၀ ဝန်းကျင်ရှိပါတယ်။ ကိုယ်ဝန်ဆောင်တွေအတွက် ဆေးဝါးနဲ့ မီးဖွားစရိတ်က တစ်ဦးကို ကျပ်ငါးသိန်းဝန်းကျင် လိုအပ်နေတယ်လို့ ရှင်းပြပါတယ်။
အဲဒီစခန်းကို ပြီးခဲ့တဲ့ ဧပြီလကပဲ အလယ်ဒိုကျေးရွာကနေ စစ်ရှောင်ပြေးလာတဲ့ ဦးမြင့်ဝင်းကတော့ ကျပန်းအလုပ်တွေ လုပ်နေပေမယ့် ကိုယ်ဝန်သည် ဇနီးအတွက် ဘာဆေးဝါးမှ မထောက်ပံ့နိုင်သေးဘူးလို့ ဆိုပါတယ်။
သူ့ အမျိုးသမီးက ကိုယ်ဝန် ၇ လ လွယ်ထားရပါပြီ။ သူဟာ ဒီစစ်ရှောင်စခန်းကို အသက် (၁၄) နှစ်နဲ့ (၆) နှစ်အရွယ် သမီးနှစ်ယောက်၊ ကိုယ်ဝန်သည်အမျိုးသမီးနဲ့အတူ ရောက်လာတာပါ။
“အခုက နေရေးထိုင်ရေးက အဆင်ပြေပေမယ့် ငွေရေးကြေးရေးကတော့ ခက်ခဲတာပေါ့။ ကိုယ်ဝန်သည်အတွက် ဘာမှ မလုပ်ပေးနိုင်ဘူး” လို့ အသက် ၄၀ နှစ်အရွယ် ဦးမြင့်ဝင်းက ငြီးတွားပါတယ်။
သူက မြဝတီမြို့ပေါ်မှာ ကုန်ထမ်းတာနဲ့ မီးသွေးဖုတ်တဲ့ အလုပ်ကို လုပ်ပါတယ်။ အလုပ်က ပုံမှန် မရှိတာကြောင့် ဝင်ငွေလည်း မမှန်ပါဘူး။ အလုပ်ရှိတဲ့အချိန် ရတဲ့ ပိုက်ဆံတချို့ကို စုဆောင်းထားပြီး အလှူရှင်တွေ လှူဒါန်းထားတာနဲ့ မိသားစုတွေ အဆင်ပြေသလို စားသောက်နေကြရတယ်လို့ သူက ဆိုပါတယ်။
အလှူရှင်တွေ မရှိတော့တဲ့အခါ သူစုထားတဲ့ ပိုက်ဆံထဲကနေ မိသားစုအတွက် စားဝတ်နေရေးကို ပြန်ဖြေရှင်းနေရပါတယ်။
“ဝင်ငွေက စားဖို့လောက်ပဲ။ ပိုတယ် မရှိဘူး။ ဘာလို့လဲဆိုတော့ အခုဈေးနှုန်းတွေနဲ့ဆိုတော့ တစ်နေ့လုပ် တစ်နေ့စားပဲ ရတယ်။ အလှူရှင်ရှိရင်တော့ အဆင်ပြေတာပေါ့” လို့ သူက ပြောပါတယ်။
အလုပ်ကရတဲ့ ပိုက်ဆံကို စုလိုက် အလှူရှင်မရှိတဲ့အခါ ပြန်ထုတ်လိုက်နဲ့ မုန့်လုံးကို စက္ကူကပ်နေတဲ့ အကြောင်းပြောရင်း သူက အခုလို ဆိုလိုက်ပါတယ်။
“အဓိကတော့ အလုပ်လေး ကောင်းကောင်းလေး အဆင်ပြေချင်တယ်။ ကလေးနှစ်ယောက်လည်း ရှိသေးတယ်။ ကိုယ့်အလုပ်၊ ကိုယ့်အိမ်နဲ့ နေချင်တယ်။ ဒီမှာကတော့ ဒီအတိုင်းနေရင်း စားသောက်ရင်းပြီးသွားတာလေ။ ကိုယ်ဘာမှမဖြစ်ပေမယ့် ကိုယ့်ကလေးတွေ (အနာဂတ်) ရှိသေးတယ်လေ”