သံတွဲစစ်ဘေးရှောင်အမျိုးသမီးများ လစဥ်သုံးပစ္စည်းများ အရေးပေါ် လိုအပ်
*****************
ခင်သရဖီဦး
ဇွန် ၃၀ ၊ ၂၀၂၄
ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်နေသည့်အမျိုးသမီးများအနေဖြင့် လစဥ်သုံးပစ္စည်းများအရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေးကူညီသူများထံက သိရသည်။
သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၁၆ ခုရှိပြီး လူဦးရေ ၂,၀၀၀ ကျော်ရှိကာ ယင်းအထဲမှ ၆၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်နေပြီး လစဉ်သုံးပစ္စည်းများ လိုအပ်နေခြင်းဖြစ်သည်ဟု စစ်ရှောင်အရေးကူညီနေသည့် ကိုတေဇာအောင်က ပြောသည်။
“အမျိုးသမီးတွေက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လာရတဲ့အတွက်ကြောင်း အတွင်းခံတွေ ပါလာတယ်ဆိုပါတော့ အဲဒီအတွင်းခံတွေက တစ်ထည်ပဲပါလာတော့ အခုက မိုးရာသီးဆိုတော့ ပြန်လှန်ပြီး ပြန်ဝတ်ဖို့အတွက် မလုံလောက် တာတွေအများကြီး ရှိတယ်” ဟု ၎င်းက ဆိုသည်။
စစ်ရှောင်အမျိုးသမီးများအနေဖြင့် ရွာထဲကို လက်နက်ကြီးများ ကျသည့်အတွက် ကိုယ်လွတ်ရုန်းပြီး ထွက်လာရသည့်အတွက် မည့်သည့်ပစ္စည်းမှ ပါမလာခြင်းကြောင်း ပိုမိုခက်ခဲနေသူများရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
“ဒါတွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံးဖြေရှင်းဖို့အတွက် အတွင်းခံတွေ၊ လစဥ်သုံးပစ္စည်းတွေအတတ်နိုင်ဆုံး သံတွဲတစ်ဝိုက်က လိုက်လံပြီးတော့ ရှာဖွေဝယ်ယူနေရပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် သံတွဲမြို့နယ်၌ အမျိုးသမီးလစဥ်သုံး ၁၂ ခုပါ ပတ်ဒ်ထုတ် တစ်ထုတ်ကို ၄,၀၀၀ ကျပ် ထိရှိနေကြောင်း ဒေသခံများထံက သိရသည်။
ပေါက်တောမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ကျွန်မတို့ဖက်မှာက ပတ်ဒ်ထုတ် တစ်ထုတ်ကို ၁၂,၀၀၀ ပေး ရတယ်။ အငယ်တွေကိုတော့ ၁၀၀၀ပေးရတယ်၊ လူတိုင်းကတော့ မသုံးနိုင်ဘူး။ ရှာရတာလည်း မလွယ်ဘူး” ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေးမှာ ၇ သိန်းခန့်ထိရှိနေပြီး အမျိုးသမီးနှင့်ကလေးသူငယ်များ မှာ ၆၀ ရာခိုင်နူန်း ထိရှိနေသည်ဟု AA ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
ရခိုင်ပြည်ရှိ အာရက္ခတပ်တော်-AA သိမ်းပိုက်ထားသည့် ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်တို့အပါအဝင် စစ်တွေ၊ အမ်း၊ မောင်တော၊ တောင်ကုတ်မြို့နယ်တို့ ကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထားခြင်းကြောင့် ကုန်ဈေးနှုန်းအဆင့်မတန် မြင့်တက်လျက်ရှိသည်။