နောင်ချိုမြို့ကို လက်လွှတ်ထားရသည့် စစ်ကောင်စီက ခမရ-၁၁၄ မကျရေး လေယာဉ်ကြောင်းပစ်ကူနေ
*******************
ယမင်းဖူးပွင့်အောင်
ဇွန် ၂၇၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ တပ်စခန်းအများစုကို လက်လွှတ်ထားရသည့် စစ်ကောင်စီက မြို့ပြင်စခန်း ခမ ရ-၁၁၄ တပ်စခန်းမကျရေးကို လေကြောင်းပစ်ကူအသုံးပြု၍ ခုခံနေရသည်ဟု စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
TNLA နှင့် စစ်ရေးနီးစပ်သူတစ်ဦးက “လုံးဝစစ်ကောင်စီရဲ့ စခန်းတွေအားလုံးကျမှ မြို့ကိုထိန်းချုပ်နိုင်ပြီလို့ ယူဆလို့ရမယ်။ စခန်းတွေမကျဘူးဆိုရင် အချိန်မရွေးထိုးစစ်တွေ ပြန်လာနိုင်တယ်။ အခုတောင်မှ တိုက်ပွဲတွေဖြစ်နေတုန်းပဲ” ဟု ပြောသည်။
ယမန့်နေ့က နောင်ချိုမြို့တွင်းရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်-ရမခ (၁၁၅)၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီး စသည့် စစ်ကောင်စီစခန်းများကို သိမ်းပိုက်ရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA က ထုတ်ပြန်ထားသည်။
သိမ်းဆည်းရမိထားသည့် တပ်စခန်းများကို စစ်ကောင်စီတပ်က လေကြောင်းအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောသည်။
၎င်းက ” လက်ရှိက ကျွန်မတို့ မနေ့က သိမ်းဆည်းရမိတဲ့ တပ်စခန်းတွေမှာ နေရာထိန်းသိမ်းထားတာမျိုးတွေရှိတယ်။ အဲ့ဒီစခန်းတွေကို စစ်ကောင်စီက လက်နက်ကြီးတွေ ပစ်ခတ်တာတွေရှိပါတယ် ” ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေသည့် နောင်ချိုမြို၌ ယနေ့ နံနက် ၁၁ အချိန်တွင် တအာင်းတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်ရင်း-၁၁၄ တပ်စခန်းအား စစ်ကောင်စီမှ Y-12 လေယာဉ်၊ ဂျတ်ဖိုက်တာတို့ဖြင့် လာရောက်ဗုံးကြဲခဲ့ သည်ဟု -TNLA က ထုတ်ပြန်ထားသည်။
တစ်ဆက်တည်းမှာပင် တအာင်းတပ်မတော် TNLA နှင့် MDY-PDF ပူးပေါင်းတပ်တို့က စစ်ကောင်စီတပ်ရင်း (၆၀၆) တပ်စခန်းအား နံနက် ၁၁ နာရီတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တစ်နာရီအကြာတွင် စစ်ကောင်စီမှ Y-12 လေ ယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့သည်ဟု ဖော်ပြထားသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနှစ်ရက်တာအတွင်း နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါစသည့် မြို့နယ်များ တွင် TNLA က စစ်ကောင်စီတပ်စခန်း (၂၄)ခု တိုက်ခိုက်သိမ်းပိုက်ထားပြီး လက်နက်ခဲယမ်း အများအပြားနှင့် စစ်သုံ့ပန်း (၁၇) ဦး ဖမ်းဆီးရမိခဲ့သည်ဟု ဇွန်လ ၂၆ ရက်က TNLA က ထုတ်ပြန်ထားသည်။
ပုံစာ- နောင်ချိုမြို့တွင်း မြင်တွေ့ရသည့် TNLA၊ MDY-PDF နှင့် ပူးပေါင်းအဖွဲ့ဝင်များ၊ ဓာတ်ပုံ- MDY-PDF
****
Telegram – > https://t.me/ThanLwinKhetNews/4876