နောင်ချို မြို့မရဲစခန်းကို TNLA သိမ်းပိုက်ထားနိုင်ပြီး မြို့သိမ်းတိုက်ပွဲ ဆက်လက်ဆင်နွှဲနေ
******
ယမင်းဖူးပွင့်အောင်
ဇွန် ၂၆၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိူမြို့၊ မြို့မရဲစခန်းနှင့် နေရာတော်တော်များများကို တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်- TNLA က တိုက်ခိုက်သိမ်းပိုက်ထားပြီး တစ်မြို့လုံးကို သိမ်းပိုက်နိုင်ရန် ဆက်လက်တိုက်ခိုက်နေ သည်ဟု ဒေသခံများထံက သိရသည်။
နောင်ချိူမြို့နေ အမျိုးသမီးဒေသခံတစ်ဦးက “နောင်ချိုမှာအခြေအနေမကောင်းဘူး။ အကုန်လုံးပြေးနေရတယ်။ TNLA က ရဲစခန်းတွေတော့သိမ်းပြီးပြီ။ တစ်မြို့လုံးကို သိမ်းနေတယ်” ဟု သံလွင်ခက်ကို ပြောသည်။
နောင်ချိုမြို့တွင်း တိုက်ပွဲများပြင်းထန်နေသောကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့၊ နောင်ချိုမြို့၊ မိုးကုတ်မြို့၊ သီပေါမြို့များ တွင် TNLA နှင့်မဟာမိတ်ပူးပေါင်းတပ်တို့က စစ်ကောင်စီတပ်စခန်းများကို ယမန်နေ့နံနက်ပိုင်းက စတင်၍ တိုက်ခိုက် နေခြင်းဖြစ်သည်။
ယနေ့တွင်လည်း ကျောက်မဲနှင့် မိုးကုတ်မြို့များတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု TNLA သတင်းနှင့် ပြန် ကြားရေးတာဝန်ခံ လွေးယေဦးက ပြောသည်။
“ကျောက်မဲဘက်မှာတော့ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်။ မိုးကုတ်ဘက်မှာလည်း တိုက်ပွဲတွေပြင်းထန်နေ ပါတယ်။ ကျောက်မဲမြို့ထဲမှာပဲ လက်ရှိ ရှိနေသေးတဲ့ပြည်သူတွေလည်းရှိပါတယ်” ဟု ၎င်းက ပြောသည်။
TNLA တပ်မဟာ (၂) စစ်ဒေသ ကျောက်မဲမြို့ရှိ စစ်ကောင်စီ အမြောက်တပ်ကုန်း အမှတ် (၃၅၂) အမြောက်တပ်ရင်းနှင့် စခန်းသာတို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု TNLA က ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
ကျောက်မဲမြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် နေရာအချို့ကိုလည်း TNLA က သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်ဟု မြို့ ခံပြည်သူများထံက သိရသည်။
ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့ကလည်း နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူနှစ်ဉီးသေဆုံးကာ သုံးဉီးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပုံစာ – ရှေ့တန်းစစ်မြေပြင်တွင် မြင်တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – သံလွင်ခက်။
****
Telegram – > https://t.me/ThanLwinKhetNews/4869
YouTube -> https://youtu.be/6cUc_ZEeneo?si=1v1Yli8_AE3Apf5M
Website -> https://thanlwinkhet.net/?p=10560