နောင်ချိူတွင် နှစ်ဘက်တပ်များ တိုက်ပွဲပြင်းထန်နေ
***************
ယမင်းဖူးပွင့်အောင်
ဇွန် ၂၅၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA၊ ပူးပေါင်းအဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများပြင်းထန်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
ယနေ့နံနက် ၅နာရီခွဲအချိန်ကစတင်၍ လက်ရှိအချိန်အထိ နှစ်ဘက်တပ်များကြား ပြင်ဦးလွင်-နောင်ချိုမြို့အဝင် အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေပြီး ပစ်ခတ်သံများကြားနေရသည်ဟု နောင်ချိုဒေသခံအမျိုးသမီးတစ်ဦးက ယနေ့ညနေ ၅နာရီတွင် သံလွင်ခက်ကိုဖုန်းကတစ်ဆင့် ပြောသည်။
“မြို့ထဲမှာတော့မရောက်သေးဘူး။ မြို့အဝင်မှာတော့ ရောက်နေတယ်။ သင်္ချိုင်းနားမှာရောက်နေတယ်။ ပစ်နေကြတယ်။ အစပိုင်းတော့ စစ်တပ်တွေရှိသေးတယ်လေ။ အဲ့ဒီကို သူတို့ (TNLA) က ၉ နာရီလောက်မှရောက်လာတာ။ အခုချိန်ထိလည်းဖြစ်နေတုန်းပဲ”ဟု ပြောသည်။
တိုက်ပွဲအတွင်း TNLA နှင့်ပူးပေါင်းအဖွဲ့က နောင်ချိုမြို့တွင်းရှိ မီးသတ်ရုံး၊ ဆေးရုံနှင့် ရဲစခန်းများကို ဝင်ရောက်သိမ်း ပိုက်နေသည်ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသော်လည်း သံလွင်ခက်မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဟိုင်ဂင်သဘောတူညီချက်အရ အပစ်အခတ်ရပ်စဲထားသည့် ရှမ်းမြောက်ဒေသတွင် ယနေ့နံနက်အစောပိုင်းကစ၍ စစ်ကောင်စီနှင့် တကျော့ပြန်တိုက်ပွဲများပြန်လည်စတင်ခဲ့ပြီး TNLAနှင့်အတူ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF/DPLA နှင့် မဟာမိတ်ပူးပေါင်းတပ်များပါဝင်လျက်ရှိသည်။
ဓာတ်ပုံ-TNLA