ရေးမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦး ရေးဘီလူးတပ်ဖွဲ့ထံ ပထမဦးဆုံး အလင်းဝင်
********
သံလွင်ခက်
ဇွန် ၂၆ ၊ ၂၀၂၄
မွန်ပြည်နယ်၊ ရေးမြို့နယ်မြို့မရဲစခန်းက ဒုတပ်ကြပ်ရဲတပ်ဖွဲ့ဝင်တစ်ဦး ပထမဦးဆုံးအနေဖြင့် ရေးဘီလူးတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့က ယနေ့တွင်ထုတ်ပြန်သည်။
မွန်ပြည်နယ်ရေးမြို့၊ မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဒုတပ်ကြပ် ကိုရဲထက်ပိုင်သည် ၎င်းကိုင်ဆောင်သည့် AK-47 တစ်လက်၊ ကျည်တောင့် ၆၀၊ ကျည်ဘောက်နှစ်ခုနှင့်အတူအလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါရဲတပ်ဖွဲ့ဝင်သည် အလင်းဝင်ရောက်ရန် လွန်ခဲ့သည့် ၁၅ ရက်ထဲက ဆက်သွယ်လာခြင်းဖြစ်သည်ဟု ရေးဘီလူး တပ်ဖွဲ့ခေါင်းဆောင်က သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက “သူ ကျွန်တော်တို့ကို ဆက်သွယ်နေခဲ့တာကြာပါပြီ။ သူရဲ့အချက်အလက်တွေကို စုံစမ်းတယ်။ သူက မွန်ပြည် နယ်သားတစ်ယောက်လည်းဖြစ်တယ်။ နောက်လူငယ်ပီပီသသ အာဏာရှင်စနစ်ကို မကြိုက်တဲ့ထဲမှာလည်းပါတဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့ အစီစဉ်တစ်ခုချခဲ့တာ ” ဟုဆိုသည်။
အဆိုပါ အလင်းဝင်ဒုတပ်ကြပ်ကို ရေးဘီလူးတပ်ဖွဲ့မှ ငွေကျပ်သိန်း (၃၀) ကျပ်ပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
အာဏာသိမ်းပြီးနောက် ရေဘီလူးတပ်ဖွဲ့ထံ မွန်ပြည်နယ်အတွင်းက အလင်းဝင်ရောက်လာသည့် ရဲတပ်ဖွဲ့စုစုပေါင်း ၅ ဦးထက်မနည်းရှိသည်ဟု ၎င်းတပ်ဖွဲ့ထံက သိရသည်။
အလင်းဝင်ရောက်လာသူများအနေဖြင့် တပ်ဖွဲ့ထံ ခိုလှုံအဖြစ်သော်လည်ကောင်း၊ နိုင်ငံခြားသို့ သွားရောက်လိုလျှင် လည် ကောင်း၊ တပ်ဖွဲ့နှင့်ပူးပေါင်းကာ တော်လှန်ရေးလုပ်ငန်းများဆောင်ရွက်လိုလျှင်လည်ကောင်းစသည့်ဖြင့် ရွေးချယ်ခွင့် သုံးခုပေးထားသည်ဟု ရေးဘီလူးတပ်ဖွဲ့ထံက သိရသည်။
ပုံစာ – ရေးဘီလူးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာသည့် ရဲတပ်ဖွဲ့ဝင်
****
Telegram – > https://t.me/ThanLwinKhetNews/4870
YouTube -> https://youtu.be/6cUc_ZEeneo?si=1v1Yli8_AE3Apf5M
Website -> https://thanlwinkhet.net/?p=10563