စစ်သင်တန်းဆင်း ကျောက်တံခါးပျူစောထီးများ ကားမှောက်
*******
မေသံလွင်။
ဇွန် ၂၅ ၊ ၂၀၂၄
ပဲခူးတိုင်း၊ တောင်ငူမြို့မှ စစ်သင်တန်းဆင်းပြီး ပြန်လာသည့် ကျောက်တံခါးပျူစောထီးအဖွဲ့ဝင်များ ကားတိမ်းမှောက်ကာ သုံးဦးသေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၃ ရက် နံနက် ၉ နာရီဝန်းကျင်တွင် တောင်ငူမြို့မှ ကျောက်တံခါးသို့ ပြန်လာသည့် စစ်သင်တန်းဆင်း ပျူစောထီးအဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိ ၁၁၅ မိုင် ယာဉ်ရပ်နားကွင်းအနီးတွင် ကားတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု ကျောက်တံခါး ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက “ကျောက်တံခါးက ကြံ့ဖွံ့ကိုယ်စားလှယ် ဖုန်းမြင့်ဦးကားနဲ့ တောင်ငူတပ်ကနေ သင်တန်းဆင်းပြီးပြန်လာကြတာ၊ အဲမှာမှောက်တာ ကားသမားက လက်နှစ်ဖက်ကျိုးသွားတယ်” ဟု ဆိုသည်။
ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅ သောင်းကောက်ခံမှုများလုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
ပုံစာ – မန္တလေးတိုင်းအတွင်းရှိ ဒေသခံများအား စစ်သင်တန်းပေးနေသည့် မြင်ကွင်း (ပုံအဟောင်း)