မြဝတီလမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် လမ်းခရီးစရိတ်နှင့် ကုန်ဈေးနှုန်းများတက်
*************
စကားမောင်
ဇွန် ၁၅၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့ကို သွားလာရန် ဒေါနတောင်လမ်းဟောင်းကိုသာ အသုံးပြုနေရသောကြောင့် လမ်းခရီးစရိတ်နှင့် ကုန်ဈေးနှုန်းများ တက်နေသည်ဟု ဒေသခံများထံက သိရသည်။
ယခင်အသုံးပြုနေသော ထို့ကော်ကိုးလမ်း၊ ၁၀၁၈ လမ်းနှင့် ကြက်ဥတောင်လမ်းများသည် မိုးတွင်းကာလတွင် အသုံးပြု၍မရတော့သည့်အတွက် ယခင်လမ်းဟောင်း (တောင်တက်လမ်း) ကိုသာ အသုံးပြုနေရသည်မှာ နှစ်ပတ်ခန့်ရှိနေပြီဖြစ်သည်။
“ကားတွေသွားလာလို့မရတော့ ကုန်စည်တွေက ဖြတ်လို့၊ လာလို့မရ။ ဒီကလူတွေလည်း သွားလို့မရတော့ ဒီမှာဈေးတွေက ပိုကြီးလာတယ်။ လမ်းတွေမှာကြန့်ကြာတော့ စရိတ်စကတွေလည်းပိုများလာတယ်။ အချိန်ကြာတဲ့အခါကြ ဒီမှာကုန်တွေပြတ်တော့ ဈေးတွေက ထိုးတက်လာတယ်လေ”ဟု မြဝတီမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ခရီးသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေး ခက်ခဲနေသောကြောင့် မြဝတီမြို့ထဲတွင် မြန်မာဆန်ပြတ်လတ်၍ ထိုင်းမှတင်သွင်းသော ဆန်များကိုသာ အကန့်အသတ်ဖြင့် ဝယ်ယူနေရသည်ဟု ဒေသခံများထံက သိရသည်။
လက်ရှိတွင် လူတစ်ဦးကို ထိုင်းဆန်ခြောက်ပြည် (၁၀ ကီလို) ခန့်သာ ရောင်းချပေးပြီး မြန်မာငွေကျပ် ၃၅,၀၀၀ ကျသင့်သည်ဟု ဈေးကွက်အတွင်းက သိရသည်။ စားအုန်းဆီ တစ်လီတာကို ၄,၀၀၀ ကျပ်မှ ၆,၅၀၀ ကျပ် အထိ မြင့်တက်နေပြီး ပဲဆီတစ်လီတာကို ၈,၀၀၀ ကျပ်မှ ၁,၀၀၀ ကျပ်အထိ မြင့်တက်လျက်ရှိသည်။
ထို့အပြင် ခရီးသည်တင်ကားများသည် မြဝတီ- ရန်ကုန်လမ်းခရီးအတွက် တစ်ဦးလျှင် မြန်မာကျပ်ငွေ ၁၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ကားခများမြင့်တက်နေသည်။
အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးကလည်း ယခုတစ်ပတ်အတွင်း မိုးရွာသွန်းခြင်းကြောင့် ကားလမ်းပိတ်ဆို့နေပြီး ကုန်စည်များလည်း သတ်မှတ်ရက်အတွင်း မပို့ဆောင်နိုင်ခြင်းကြောင့် ဆုံးရှုံးမှုများလည်းရှိနေသည်ဟု ပြောသည်။
၎င်းက “ကုန်တင်ခတွေလည်း ဈေးတွေကြီးလာသလို သက်မှတ်ရက်အတွင်းလည်းမရောက်တော့ ပုပ်ကုန်တွေဆို စကားပြောရတာ လက်ကုန်ပဲ။ ကျွန်တော်က ကုန်စည်တွေမပို့ဖြစ်တာ ငါးရက်လောက်ရှိသွားပြီ” ဟု ၎င်းက ပြောသည်။
ကုန်ပစ္စည်းများ ပို့ဆောင်ရာတွင် ယခင်အချိန်ထက် သုံးဆလောက်ပိုမိုကြာမြင့်နေသည့်အတွက် ကုန်ခြောက်ပစ္စည်းများသာ ပို့ဆောင်နိုင်သည်ဟု သိရသည်။
ဓာတ်ပုံ- ပေးပို့
****
Telegram – > https://t.me/ThanLwinKhetNews/4806
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10538