ထားဝယ်-အထူးစီးပွားရေးဇုန်ဒေသကို အင်အားရာချီဖြင့် စစ်ကောင်စီ စစ်ကြောင်းထိုးနေ
*************************
သဇင်
ဇွန် ၂၅၊၂၀၂၄။
တနင်္သာရီတိုင်း၊ ထားဝယ်-အထူးစီးပွားရေးဇုန်စီမံကိန်းကို ရုရှားအစိုးရနှင့် ပူးပေါင်းအကောင်အထည်ဖော်မည်ဟု စစ်ကောင်စီကကြေငြာခဲ့ပြီးနောက် အင်အား ၆၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသည်ဟု မွန်ပြည်တော်လှန်ရေးတပ်ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။
“သူတို့စုပေါင်းအင်အားက ၆၀၀ နဲ့အထက်ရှိနေပြီ ထပ်ပြီးတိုး လာဖို့ရှိတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ထူးခြားတဲ့ စစ်ဆင်ရေးတစ်ခုပဲလို့ပြောလို့ရတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားတွေကို ငှားပေးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတဲ့ ကိစ္စနဲ့ပတ်သတ်မယ်လို့ ယူဆရတယ် ” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဇွန် ၁၉ ရက်ကတည်းက စစ်ကောင်စီသည် ထားဝယ်ခရိုင် ရေဖြူမြို့နယ် အထူးစီးပွားရေးဇုန် ပတ်ဝန်းကျင်ရှိ ရွာများကို စတင်စစ်ကြောင်းထိုးပြီး မူးဒူး၊ လဲရှောင်၊ မျောက်ချော စသည့်ကျေးရွာများသို့ စစ်ကြောင်း သုံးကြောင်းခွဲကာ လှည့်ပတ်စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။
စစ်ကြောင်းထိုးလှုပ်ရှားနေခြင်းကြောင့် မူးဒူး၊ ထိန်ကြီး၊ ပရဒတ်၊ လဲရှောင်၊ ရွာသစ်၊ မျောက်ချောအပါအဝင် ရွာပေါင်း (၁၀) ခန့်က ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။
၎င်းက “တချို့ရွာတွေကျတော့ စစ်ကောင်စီတပ်တွေက ပြည်သူတွေကို ထွက်ခွာခွင့်မပေးတဲ့အတွက် တချို့တစ်ဝက်က ရွာထဲကျန်နေခဲ့တာရှိတယ်။ တချို့ရှောင်နေတဲ့သူတွေကလည်း အသိတွေဆီသွားရှောင်နေကြတာပေါ့နော်။ ထောင်ဂဏန်းတော့ရှိမှာပဲ” ဟု ဆိုသည်။
မြန်မာနိုင်ငံတောင်ပိုင်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို ပူးတွဲအကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် ရုရှားတို့အကြား ပြီးခဲ့သည့် ဧပြီလက ဆွေးနွေးမှုများရှိခဲ့သည်။
ပုံ – ထားဝယ်အထူးစီးပွားရေးမြင်ကွင်း