“အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများရပ်တန့်ရန် ကြိုးစားမည်” ဟု ILO ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးကောက်ခံ ဒေါ်ဖြိုးစန္ဒာစိုးဆို
******
ယမင်းဖူးပွင့်အောင်
ဇွန် ၁၃၊ ၂၀၂၄။
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ – ILO ၏ယန္တရားများကိုအသုံးပြုပြီး မြန်မာစစ်တပ်က လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရန် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမည်ဟု ILO ၏လက် ထောက်အုပ်ချုပ်မှုအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ဒေါ် ဖြိုးစန္ဒာစိုးက သံလွင်ခက်ကို ပြောသည်။
“အဓိကကတော့ အဆက်အသွယ်တွေပိုပြီးရလာတယ်။ နိုင်ငံတွေရဲ့အစိုးရတွေ၊ နိုင်ငံတွေရဲ့ အလုပ်သမားသမဂ္ဂတွေကို ကိုယ့်အနေနဲ့ ချိတ်ဆက်ဆောင်ရွက်ရတာက ပိုပြီးတော့ ကိုယ့်ပတ်ဝန်းကျင် ကျယ်ပြန့်လာတယ်ပေါ့နော်။ ဒါတွေက အခွင့်အလမ်းတစ်ရပ်ဖြစ်တယ်။ အဲဒီ့အဆက်အသွယ်ကနေတစ်ဆင့် ကိုယ့်ရဲ့အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးတွေကို ပိုပြီးတော့ အသံထုတ်နိုင်တယ် ပိုပြောနိုင်တယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏သုံးပွင့်ဆိုင် အလုပ်သမားအဖွဲ့မှ ဒေါ်ဖြိုးစန္ဒာစိုးသည် ILO အုပ်ချုပ်မှုအဖွဲ့၏ လက်ထောက်အုပ်ချုပ်ရေးအဖွဲ့ဝင် အဖြစ်ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
ILO ၏ အုပ်ချုပ်ရေးနှင့် လက်ထောက်အုပ်ချုပ်ရေးအဖွဲ့၀င်များကို သုံးနှစ်တစ်ကြိမ်ရွေးချယ်တင်မြှောက်ပြီး ယခုရွေး ချယ်ခံရသည့် ဒေါ်ဖြိုးစန္ဒာစိုးသည် ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွက် တာဝန်ယူလုပ်ဆောင်ရမည်ဖြစ်သည်။ သူသည် ၂၀၂၁-၂၀၂၄ ခုနှစ်က ILO ၏ အလုပ်သမားအစုအဖွဲ့ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ – NUG အလုပ်သမားဝန်းကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီကလည်း ILO သည် မြန်မာပြည်သူများ၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးအတွက် ရပ်တည်သည့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒေါ်ဖြိုးစန္ဒာစိုး ယခုလိုရွေးချယ်ခံရခြင်းသည် ဂုဏ်ယူစရာဖြစ်သည်ဟု သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက “မြန်မာပြည်သူတွေနဲ့ မြန်မာအလုပ်သမားတွေအပေါ် စကစရဲ့ကျူးလွန်မှုတွေကို ILO က ပိုမိုသိလာစေမယ်။
အကြမ်းဖက်စစ်ကောင်စီကို ILO ရဲ့အရေးယူမှုတွေ ချမှတ်နိုင်အောင် ဆောင်ကျဉ်းကူညီနိုင်ပါလိမ့်မယ်။ ILO ရဲ့ အရေးယူမှုနဲ့ ဖိအားအပေါ်မူတည်ပြီး အလုပ်သမားတွေအပေါ် စကစရဲ့ ဖိနှိပ်မှုလျော့လာနိုင်ပါလိမ့်မယ်။ သို့သော် အကြမ်းဖက်စစ်ကောင်စီ ရှိနေသရွေ့ကတော့ တနည်းမဟုတ်တနည်း အလုပ်သမားတွေအပါအဝင် မြန်မာပြည်သူတွေဟာ အဖိနှိပ်ခံနေရဦးမှာပါ” ဟုဆိုသည်။
ဒေါ်ဖြိုးစန္ဒာစိုးသည် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) လက်ထောက်အထွေထွေ အတွင်းရေးမှူးဖြစ်ပြီး Myanmar Labour Alliance-အလုပ်သမားတပ်ပေါင်းစုအဖွဲ့ဝင်တစ်ဦးဖြစ်သည်။
ဓာတ်ပုံ – ဒေါ်ဖြိုးစန္ဒာစိုး
****
Telegram – > https://t.me/ThanLwinKhetNews/4793
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10512