ဂျိုင်းမြစ်ဝှမ်းရှိ မွန်စစ်ဘေးရှောင် ငါးသောင်းကျော် အကူအညီရရန် ခက်ခဲနေ
********************
သဇင်
ဇွန် ၁၃၊၂၀၂၄။
ဂျိုင်းမြစ်ဝှမ်းရှိ မွန်စစ်ဘေးရှောင်များ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် စစ်ကောင်စီ၏ကန့်ကွက်ပိတ်ပင်မှုများရှိနေသည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာနထံက သိရသည်။
လက်ရှိတွင် ဂျိုင်းမြစ်ဝှမ်းဒေသရှိ ဓမ္မသ၊ သံကလောင်၊ ကော့သပ်၊ တရနာစသည့် ကျေးရွာများအပါအဝင် ကျေးရွာပေါင်း (၁၀) ရွာခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့်အတွက် အဆိုပါဒေသခံစစ်ဘေးရှောင်များသည် နေရပ်ပြန်ရန် ခက်ခဲနေခြင်းဖြစ်သည်။
“ကလေးပစ္စည်းပံ့ပိုးတာတောင်မှ စစ်ဆေးပြီးခြိမ်းခြောက်တာတွေရှိနေတဲ့အတွက်ကြောင့် လွတ်လွတ်လပ်လပ်လုပ်လို့ မရနေဘူး။ လူသားချင်းစာနာဆိုပြီးတော့မှလည်း ဘေးဖယ်ထားတာမရှိဘူး။ နှောက်ယှက်တားမြစ်နေတဲ့ အနေအထားကိုကျော်ပြီးတော့မှ လုပ်ဆောင်နေရတယ်”ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာနမှူး မိသုတဂျော်က သံလွင်ခက်ကို ပြောသည်။
၂၀၂၄ ခုနှစ် မေလကုန်ပိုင်း၌ ဖြစ်ပွားခဲ့သည့် မွန်-ကရင်အစပ် ကော့ဘိန်းစခန်းသိမ်းတိုက်ပွဲအပြီးတွင် ဂျိုင်းမြစ်ဝှမ်းတစ်လျှောက်ရှိ မွန်ကျေးရွာများမှ စစ်ဘေးရှောင် ၅၀,၀၀၀ ကျော်သည် မြို့ပေါ်ဒေသများနှင့် ဆွေမျိုးနီးစပ်ရာကျေးရွာများတွင် ပျံ့နှံ့နေထိုင်ခဲ့ကြရသည်။
ထိုသို့ပျံ့နှံ့နေထိုင်နေသည့် စစ်ဘေးရှောင်များထံသို့ အကူအညီပေးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စိန်ခေါ်မှုရှိနေသည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
၎င်းက “အေးချမ်းနေတဲ့အခြေအနေကနေ ချက်ချင်းကြီး စစ်ဘေးရှောင် ၅ သောင်းလောက်ဖြစ်လာတဲ့အခါကျတော့ တော်တော်ကြီးကို ကိုင်တွယ်ရခက်တဲ့အနေအထားပါ။ လိုနေတဲ့နေရာကို ချက်ချင်း အကူညီတွေရောက်နိုင်ဖို့ စီစဉ်တဲ့ အခါမှာ အရမ်းကို စိန်ခေါ်ဖြစ်နေတဲ့ အနေအထားမျိုး ဖြစ်နေတယ်ဟု” ဆိုသည်။
ထို့ပြင် စစ်ဘေးရှောင်များ ရှိရာနေရာသို့ သွားရာတွင်လည်း လုံခြုံရေး စိုးရိမ်သည့်အခြေအနေများကြောင့် ကူညီပေးသည့်အဖွဲ့အစည်းများအနေဖြင့်လည်း အကန့်အသတ်နှင့်သာ ကူညီနိုင်သည်ဟု စစ်ရှောင်အရေးကူညီသူများထံက သိရသည်။
ပုံစာ-ဘီလူးကျွန်း ဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေကြသည့် ဓမ္မသကျေးရွာဒေသခံများ (ပုံအဟောင်း)။ Photo-Aung Myo Thein