မွန်ပြည်နယ် တက္ကသိုလ်ဝင်တန်းစနစ်သစ် အောင်ချက် ၁၃ ရာခိုင်နှုန်းကျဆင်း
*********************
သဇင်
ဇွန် ၁၂၊၂၀၂၄။
စစ်ကောင်စီကကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစနစ်သစ်စာမေးပွဲတွင် မွန်ပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်းသည် ယမန်နှစ်ထက် ၁၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု မွန်ပြည်နယ်ပညာရေးမှူးရုံး ထုတ်ပြန်ထားသည့် စာရင်းများအရသိရ သည်။
ပြီးခဲ့သည့် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်တွင် မွန်ပြည်နယ်တစ်ခုလုံး အတိုင်းအတာအရ စာမေးပွဲဖြေဆိုသူ ၅,၇၆၈ ဦးထဲမှ အောင်မြင်သူ ၄,၁၇၂ ဦးရှိကာ အောင်ချက်ရာခိုင်နှုန်း ၇၂ ဒသမ ၃၃ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ဖြေဆိုသူ ၅,၇၆၇ ဦးထဲမှ ၃,၄၀၇ ဦး အောင်မြင်ခဲ့ပြီး အောင်ချက် ၅၉ ဒဿမ ၀၈ ရာခိုင်နှုန်းရှိခဲ့သည်။
အဆိုပါအရေအတွက်အရ မွန်ပြည်နယ်တွင် စနစ်သစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက် ၁၃ ရာခိုင်နှုန်းကျဆင်း ခဲ့ခြင်းဖြစ်သည်။
မွန်ပြည်နယ် တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်းနဲ့ပတ်သတ်ပြီး ပညာရေးလေ့လာသုံးသပ်သူတစ်ဦးက “ (စာမေး ပွဲ) ဖြေတဲ့သူနည်းလို့ပါ။ နောက်တစ်ခုက စနစ်အားဖြင့် ကွာခြားမှုရှိတယ်။ စနစ်သစ်နဲ့ စနစ်ဟောင်းကြားမှာပေါ့။ ကလေးတွေက ပြီးခဲ့တဲ့နှစ်ကမှ ကျောင်းတွေပြန်တက်လာကြတဲ့အချိန်မှာ စနစ်သစ်နဲ့ဆိုတော့ စနစ်သစ်နဲ့ကလေးတွေ ကြားမှာ ကွာဟမှုတွေရှိလာတယ် ဒါကြောင့်နည်းတာဖြစ်နိုင်တယ်” ဟု ဆိုသည်။
မွန်ပြည်နယ်တက္ကသိုလ်ဝင်တန်းစနစ်သစ် စာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူးရှင် ၄၆ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၄၁ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၆၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၉၉ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၅၄ ဦး နှင့် ၁ ဘာသာဂုဏ်ထူးရှင် ၄၄၇ ဦး အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် စနစ်သစ်ပညာရေးစနစ်ရေးဆွဲကာ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စနစ်သစ်သင်ရိုးကို ပထမဦးဆုံးစတင်ခဲ့သည့်အတွက် အထက်တန်းအဆင့် ပညာသင် ကြားပေးနေသည့် ဆရာ၊ ဆရာမများအနေဖြင့်လည်း စနစ်သစ်သင်ခန်းစာများနှင့် သဟဇာတဖြစ်ရန်လိုအပ်နေသေး သည်ဟု အထက်တန်းအဆင့်ပညာသင်ကြားနေသူ ဆရာမတစ်ဦးကဆိုသည်။
“ဆရာမတွေအနေနဲ့က စနစ်သစ်ခန်းစာတွေနဲ့ ပတ်သတ်ပြီးတော့ အရမ်းကြီး အကျွမ်းတဝင်မရှိသေးဘူး။ ကျွန်မကိုယ် တိုင်က ပြန်ပြီးလေ့လာနေရတဲ့ အပိုင်းတွေ ရှိသေးတယ်။ Grade-12 စနစ်သစ်အတွက်ကို သင်တန်း ၁၀ ရက်ပဲပေးခဲ့ တော့ တစ်နှစ်စာလုံးအတွက် မမှီဘူးပေါ့။ ကိုယ့်ဘာသာကိုယ် အွန်လိုင်းကနေပြန်ပြီးလေ့လာနေရတဲ့အပိုင်းတွေရှိတယ်” ဟု ဆိုသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁,၂၂၈,၈၂၀ ဦးထဲမှ အောင် မြင်သူ ၇၄,၅၉၂ ဦးရှိကာ ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းအောင်မြင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ထက် ၉.၉၇ ရာခိုင်နှုန်းကျ ဆင်းခဲ့သည်။
ပုံစာ – မွန်ပြည်နယ်တွင် အခြေခံအဆင့် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများ။
****
Telegram – > https://t.me/ThanLwinKhetNews/4789
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10498