သောင်ရင်းမြစ်ဘေးက လော့ခေါ် စစ်ရှောင်ကလေးငယ်များ၏ စာသင်ရန်အခက်အခဲဖြစ်နေ
*****************
ပန်ပန်
ဇွန် ၁၂၊ ၂၀၂၄။
ထိုင်း – ကရင်နယ်စပ်၊ သောင်ရင်းမြစ်ဘေးရှိ လော့ခေါ်စစ်ရှောင်စခန်းက ကျောင်းနေစစ်ရှောင်ကလေးငယ်များအတွက် ယခုနှစ်ကျောင်းဖွင့်ချိန် စာသင်ကြားရေးးအခက်အခဲများနှင့်ကြုံနေရသည်ဟု စစ်ရှောင်ပညာရေးတာဝန်ခံများထံက သိရသည်။
ကျောင်းသားများအတွက် မိုးကာမလုံလောက်မှု၊ စာသင်ကျောင်းအဆောင်နည်းပါးခြင်း၊ စာရေးကိရိယာနည်းပါးခြင်းနှင့် ဆရာ၊ ဆရာမမလုံလောက်မှု အခက်အခဲများရှိနေခြင်းဖြစ်သည်။ ထို့အပြင် တိုက်ပွဲကြားကလေးများ ကျောင်းပို့ရန် မိဘများအနေဖြင့် စိတ်မချမှုများလည်း ရှိနေသည်။
“ကျောင်းသုံးကိရိယာတွေ လိုအပ်တယ်၊ မလောက်ဘူး၊ ဒီလိုပဲ ဆင်းဆင်းရဲရဲနဲ့ပဲ စာသင်ပေးနေရတယ်။ ဆရာမတို့ အတွက် သင်ထောက်ကူပစ္စည်းတွေတော့လို အပ်တယ်၊ ဒီနေ့တောင်မှ ဗလာစာအုပ်ကနည်းနည်းပဲရှိတယ်။ အလှူခံပေး တာ ဒီအငယ်တန်းကလေးတွေရဲ့ လက်ရေး လှစာအုပ်တွေပဲလာတယ်” ဟု လော့ခေါ်စစ်ရှောင်စခန်းမှ တာဝန်ခံအမျိုးသမီးတစ်ဦးက ပြောသည်။
လော့ခေါ် စစ်ရှောင်စခန်းတွင် ကျောင်းသူ၊ ကျောင်းသားဦးရေ ၇၀ ကျော်ဝန်းကျင်ရှိပြီး ဆရာ၊ ဆရာမ ခြောက်ဦးသာရှိသည်ဟု ၎င်းကဆက်ပြောသည်။
လတ်တလော တိုက်ပွဲများအကြား ကျောင်းသားမိဘများအနေဖြင့် ၎င်းတို့သားသမီးများကို ကျောင်းပို့ရသည်ကို စိုးရိမ် မကင်းဖြစ်နေကြသည်ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။
“ကလေးကျောင်းပို့တဲ့အချိန်မှာကတော့ နည်းနည်းတော့စိတ်မချဘူးပေါ့။ အခုလက်ရှိတိုက်ပွဲက ပြီးမှမပြီးသေးပဲ။ ဘယ် လိုများဖြစ်လာမလဲ ဘာမှမသိဘူးဆိုတော့ ကလေးကျောင်းပို့တဲ့အချိန် စိုးရိမ်တာပေါ့” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာလလယ်မှစ၍ လေးကေ့ကော်မြို့သစ်တိုက်ပွဲဖြစ်ပွားပြီးနောက် အဲဒီအနီးနားမှ ကျေးရွာများသည် သောင်ရင်းမြစ်ဘေးသို့ စစ်ရှောင်စခန်းအဖြင့် သွားရောက်ခိုလှုံခဲ့ပြီး ယခုလက်ရှိအချိန်တွင် နှစ်နှစ်ကျော်ရှိပြီဖြစ်သည်။
ထိုသောင်းရင်းမြစ်ဘေးရှိ စာသင်ကြားပေးနေသည့် စစ်ရှောင်စာသင်ကျောင်းအများစုမှာ ကရင်ဘာသာ၊ မြန်မာဘာသာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် အခြားလိုအပ်သည့်ဘာသာရပ်များကို သင်ကြားပေးနေသည်ဟု စစ်ရှောင်စခန်းများမှသိရသည်။
ဓာတ်ပုံ- ပေးပို့