ရေဘေးဒုက္ခသည်များ ရေပိုက်နှင့် မိုးကာများ အရေးပေါ်လိုအပ်လျက်ရှိ
**********
ထွယ်
ဇွန် ၁၂၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် မျောမောပါကျေးရွာမှ ရေးဘေးဒုက္ခရောက်နေကြသည့် ဒေသခံပြည်သူများသည် ယခုချိန် ရေပိုက်နှင့် မိုးကာများ အရေးပေါ် လိုအပ်လျက်ရှိသည်ဟု ၎င်းဒုက္ခသည်များကို သွားရောက်ကူညီခဲ့သည့် အမျိုးသမီးက သံလွင်ခက်ကို ပြောသည်။
တောင်ကျချောင်းများ ရေကြီးရေလျှံမှုဖြစ်ကာ တောင်ပြိုမှုဖြစ်ပွားသဖြင့် ဒေသခံများသည် သောက်သုံးရေ အလွန်ခက်ခဲနေပြီး ၎င်းအတွက် တောင်ကျချောင်းရေ သွယ်ယူရန် ရေပိုက်များ အရေးပေါ် လိုအပ်နေခြင်းဖြစ်သည်ဟု သိရသည်။
“ရေတစ်ခုက သံချေးရောင်ဖြစ်သွားပြီ။ အဲ့ သံချေးရောင်ရေနားမှာ ရေနောက်ထပ်တစ်ခုရှိတယ်။ အခု အဲ့က သွယ်ပြီး သောက်နေကြတာ။ အခု သွယ်သောက်ဖို့ လုပ်နေတဲ့ရေလည်း အရမ်းနောက်ပြီး လုံးဝ သောက်လို့ကို မကောင်းဘူး၊ ကျွန်မတို့တောင် ကျွန်မတို့ယူလာတဲ့ ရေဗူးတွေပဲ သောက်လိုက်ရတယ်။ ကျွန်မတို့လည်း ဘယ်က ကူညီတောင်းပေးရမလဲတောင် မသိတော့ဘူး” ဟု ရေဘေးဒုက္ခသည်များကို သွားရောက်ကူညီခဲ့သည့် အမျိုးသမီးက ပြောသည်။
ထို့ပြင် မောမျော်ပါကျေးရွာ ရွာလယ်သည်လည်း ယခုအခါ ရေလယ်ခေါင်ကဲ့သို့ ဖြစ်ပေါ်ခဲ့ပြီဟု ၎င်းက ပြောသည်။
အဆိုပါ ချီဖွေမြို့နယ်၊ မျောမောပါကျေးရွာတွင် ပြီးခဲ့သည့် မေလကုန်ပိုင်းက မိုးသည်းထန်စွာရွာသွန်းသဖြင့် တောင်ကျချောင်းများ ရေကြီးရေလျှံမှုဖြစ်ကာ တောင်ပြိုမှုများ ဖြစ်ပွားခဲ့သည်။ တောင်ပြိုမှုဖြစ်ပွားစဉ်တွင် မျောမောပါကျေးရွာဒေသခံ၏ နေအိမ် (၄၃) လုံး ပျက်စီးခဲ့သည်။
နေအိမ်ပျက်စီးခဲ့ရသည့် ဒေသခံများနှင့် ရေစီးလမ်းကြောင်းတွင် နေထိုင်သည့် ဒေသခံများသည် ယခုအချိန် ဆွေးမျိုးနီးစပ်များထံ သွားရောက်မှီခိုနေထိုင်လျက်ရှိပြီး ၎င်းတို့ ပြောင်းရွှေ့နေထိုင်ရန် မိုးကာများလည်း အရေးပေါ် လိုအပ်လျက်ရှိသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“လောလောဆယ် စစ်ရှောင်တွေလိုမျိုး တဲဆောက်ပြီးနေကြဖို့ အဲ့အတွက် မိုးကာလည်း မရှိဘူး” ဟု ပြောသည်။
မျောမောပါကျေးရွာသည် ချီဖွေမြို့မှ မေခမြစ်၏ အနောက်ဘက်ကမ်း ရှစ်မိုင်ခန့်အကွာတွင်ရှိပြီး ယခင်ကဆိုင်ကယ်ဖြင့် သွားလာနိုင်သော်လည်း ယခုအခါတောင်ပြိုသဖြင့် ခြေလျင်ဖြင့်သာ သွားလာကြသည်ဟု ၎င်းက ဆက်ပြောသည်။
မျောမောပါကျေးရွာသည် အထက်ပိုင်းနှင့် အောက်ပိုင်းဟူ၍ နှစ်ခုခွဲထားသည်။ ယခုရေကြီးရေလျှံဖြစ်ပွားနေသည်မှာ မျောမောပါကျေးရွာ အထက်ပိုင်းဖြစ်ပြီး အိမ်ထောင်စု ၆၀ ခန့်ရှိသည့် ကျေးရွာဖြစ်သည်ဟု ချီဖွေမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် ယခုအချိန် ချီဖွေမြို့တွင် လျှပ်စစ်မီးများ ပြတ်တောက်နေသည့်အပြင် ဖုန်းနှင့် အင်တာနက်လိုင်းများလည်း ပြတ်တောက်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
****
Telegram – > https://t.me/ThanLwinKhetNews/4784
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10494