၃လကြာ ကားလမ်းပိတ်ထားသည့် ပူတာအိုမြို့သို့ ကုန်ကားများဝင်ရောက်
********
ထွယ်
ဇွန် ၁၁၊ ၂၀၂၄။
သုံးလခန့်ကြာ ပိတ်ထားသည့် မြစ်ကြီးနား – ပူတာအို လမ်းပိုင်းကို ဇွန်လ ၈ ရက်က အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဇွန် ၁၀ ရက် မွန်းလွဲပိုင်းတွင် ကားအချို့ ပူတာအိုမြို့သို့ ရောက်ရှိလာပြီဟု ဒေသခံများထံက သိရသည်။
မြစ်ကြီးနားမြို့မှ ကုန်ပစ္စည်းများတင်လာသည့် ကား (၁၄) စီးသည် ဇွန်လ ၈ ရက်က ထွက်ခွာခဲ့ပြီး ယခုချိန် ပူတာအိုမြို့သို့ ကား (၆) စီးဝင်ရောက်လာပြီဟု ဒေသခံ အမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ဆန်၊ ဆီ၊ ဆား ပါတဲ့ ကားတွေ အများဆုံးဝင်လာတာ။ အခုတော့ ကားတွေ ကားဂိတ်မှာ ထိုးထားတယ်။ ကားကြီးတစ်စီးဝင်လာပြီပြောတယ်” ဟု ပြောသည်။
မြစ်ကြီးနားမြို့ မြောက်ဘက် ၁၂၈ မိုင်အကွာတွင်တည်ရှိသည့် ဆွမ်ပရာဘွမ်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ယခုနှစ် မတ်လလဆန်းပိုင်းကတည်းက အဆိုပါ မြစ်ကြီးနား – ပူတာအို လမ်းပိုင်းကို ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကားလမ်းပိတ်သွားသဖြင့် မြစ်ကြီးနားမြို့မှ ၂၁၄ မိုင်ခန့်အကွာတွင်ရှိသည့် ပူတာအိုမြို့တွင် ဆန်နှင့် စားသုံးဆီအပါအဝင် ဓာတ်ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်သွားခဲ့သည်။
လတ်တလောတွင် မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းကို ကုန်ကားများ အကန့်အသတ်ဖြင့် ဖြတ်သန်းခွင့်ပြုထားသော်လည်း ခရီးသည်များကိုမူ ဖြတ်သန်းသွားခွင့် ပိတ်ထားဆဲဖြစ်သည်ဟု ပူတာအိုတော်လှန်ရေး အင်အားစုအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ကားတွေရောက်တယ်လို့သိရပါတယ်။ လမ်းကအကန့်အသတ်နဲ့ပဲ ခရီးသည်တွေဆင်းလို့မရသေးဘူး” ဟု ပြောသည်။
ပူတာအိုမြို့၏ အထက်ဘက် ၅၈ မိုင်ခန့်အကွာတွင်ရှိသည့် မလိခမြစ်ဖျားတည်ရှိရာ နောင်မွန်းမြို့နယ်တွင်လည်း ဆားပြတ်တောက်သွားသည့်အပြင် ဒီဇယ်ဆီနှင့် ဓာတ်ဆီများ ပြတ်တောက်သွားသဖြင့် တောင်ယာလုပ်ငန်းကို လူဖြင့် ထွန်ရသည့် အခြေအနေထိ ဖြစ်ပေါ်ခဲ့သည်။
ပုံစာ – ပူတာအိုမြို့သို့ မူလာရှီးဒီးတံတားမှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းတင်ကားများ။