စစ်တွေဒေသခံများကို စစ်ကောင်စီက ကျေးရွာမှ ထွက်ခွာခိုင်း
********************
ခင်သရဖီဦး
ဇွန် ၁၀၊ ၂၀၂၄။
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ ကျေးရွာ ရှစ်ရွာက ဒေသခံများကို ငါးရက်အတွင်း ရွာမှ ထွက်ခွာရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမိန့်ထုတ်ထားသည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်တွေမြို့နယ်ရှိ ပလ္လင်ပြင်ကျေးရွာ၊ အောင်ဒိုင်ကျေးရွာ၊ ကျက်တောပြင်ကျေးရွာ၊ ကြွီတဲပိုက်ဆိပ်ကြီးကျေးရွာ၊ ကြွီတဲပိုက်ဆိပ်ချေကျေးရွာ၊ ကြွီတဲကျေးရွာ၊ အုန်းရေဖော်ကျေးရွာ၊ ရေချမ်းပြင်ကျေးရွာများရှိ ဒေသခံများအား လာမည့် ဇွန်လ ၁၀ ရက်မှစ၍ ၁၄ ရက်အထိ ငါးရက်အတွင်း ရွာမှ ပြောင်းပေးရန် ပြောဆိုထားသည်ဟု ဒေသခံများက ဆိုသည်။
အောင်ဒိုင်ကျေးရွာသားတစ်ဦးက “ရွာသားတွေကို ထွက်သွားခိုင်းတယ်။ ငါးရက်အတွင်း ထွက်ပေးဖို့ ပြောတယ်။ အကုန်လုံးကတော့ ဒီနေ့ကနေ စပြီး ထွက်နေကြတယ်။ တချို့ကတော့ ကားမရတဲ့ လူတွေလည်း ရှိနေတယ်။ ကိုယ့်အစီအစဥ်နဲ့ကိုယ် ထွက်နေကြတာပါ” ဟု ပြောသည်။
စစ်ကောင်စီတပ်အနေဖြင့် စစ်တွေမြို့ဘက်သို့ သွားသည့် လမ်းတစ်ခုကိုသာ ဖွင့်ပေးထားသည်ဟု ဒေသခံများထံက သိရသည်။
နောက်ထပ်ဒေသခံတစ်ဦးက “လမ်းက စစ်တွေ တစ်ခုတည်းပဲ ဖွင့်ပေးထားတယ်။ သူတို့က ရွာအဝင်ဝမှာ နေရာယူထားပြီးတော့ ကျနော်တို့ စစ်ရှောင်မယ့် နေရာကိုလည်း သူတို့ကို အကြောင်းကြားပေးရတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံများကို ကျေးရွာများမှ ပြောင်းရွှေ့ရန် ပြောသော်လည်း မည်သည့် အကြောင်းကြောင့် ပြောင်းရွှေ့ခိုင်းသည်ကို ပြောဆိုခြင်းမရှိဟု ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်အနေဖြင့် ယင်းနေရာများအား နယ်မြေရှင်းလင်းမှု ပြုလုပ်နေခြင်းဖြစ်သည်ဟု ၎င်းတို့လက်အောက်ခံ သတင်းမီဒီယာများတွင် ပြောဆိုထားသည်။
ဒေသခံအများအပြားမှာမူ စားဝတ်နေရေး အဆင်မပြေသည့်အတွက် ရွာမှ ထွက်ရန် အခက်အခဲများ ကြုံတွေ့နေကြရသည်။
AA အနေဖြင့်လည်း များမကြာမီအချိန်တွင် စစ်တွေအား ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ပြီး စစ်ကောင်စီတပ်အနေဖြင့် ခုခံနိုင်မည့် အခြေအနေ ရှိမနေဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက ဆိုသည်။
၎င်းက “စစ်တွေတို့၊ မောင်တောတို့က စစ်ကောင်စီအနေနဲ့ နောက်ဆုတ်မယ့်နေရာတော့ မရှိတော့ပါဘူး။ သူတို့မှာ အမာခံ ဗျုဟာကုန်းတွေလို တည်ဆောက်ထားတဲ့ နေရာ မရှိဘူး။ စစ်ကောင်စီက ခုခံနိုင်ဖို့ကတော့ မလွယ်ပါဘူး။ နောက်ပြီး မြေပြန့်လည်း ဖြစ်တာကြောင့် ULA/AA ဖက်က အချိန်မရွေး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့ ဒဏ်ကိုလည်း ခံရနိုင်တယ်။ သူတို့က နောက်ဆုတ်ဖို့ လမ်းကြောင်းလည်း မရှိတော့ဘူး” ဟု သူ့အမြင်ကို ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အခက်အခဲ အကျပ်အတည်း ဖြစ်လာလျှင် ပင်လယ်ပြင်ဘက် ရေတပ်စစ်သေင်္ဘာဖြင့် ဆုတ်ခွာသွားနိုင်ပြီး ထိုသို့ဆုတ်ခွါပြီးလျှင် မြို့ကို ပြာပုံ ဖြစ်အောင် ထပ်မံဒုက္ခပေးနိုင်သည်ဟု ဦးဖေသန်းက သုံးသပ်သည်။
ပြီးခဲ့သည့် မေလမှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်တွေမြို့ရှိ ကျေးရွာများအား ဝင်ရောက်၍ ဒေသခံတချို့အား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။
ထို့အပြင် ဇွန်လ ၄ ရက်ကလည်း အောင်ဒိုင်ကျေးရွာနှင့် ကျက်တောပြင် ကျေးရွာက လူငယ် ခြောက်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။