မြဝတီမြို့တွင်း အခြေခံစားသောက်ကုန် ဈေးနှုန်းမြင့်တက်
**************
ပန်ပန်
ဇွန် ၁၁၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကုန်သွယ်မှုလမ်းကြောင်းအခက်အခဲကြောင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့် တက်လျက်ရှိသည်ဟု မြဝတီမြို့နေ ဒေသခံများထံကသိရသည်။
ယခု ရက်သတ္တပတ်အတွင်း ကြက်သွန်နီတစ်ပိဿာမှာ ၃,၅၀၀ ကျပ်မှ ၅,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး ကြက်သွန်ဖြူ ဈေးမှာ တစ်ပိဿာ ၁၀,၀၀၀ ဝန်းကျင်ကျပ်မှ ၁၃,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့သည်ဟု ဈေးကွက်အတွင်းမှ သိရသည်။
“ ဒီလမ်းကြောင်းကြောင့် အဲလို တစ်ရက်ထက်တစ်ရက်ဈေးတက်သွားတာပေါ့၊ တချို့ကုန်သယ်တွေကြတော့ ထိုင်းဘက်ကိုသွင်းတာရှိတယ်လေ၊ ကိုယ့်ဘက်က ဝယ်လို့မရရင် ထိုင်းဘက်ကိုဝယ်ရတာပေါ့၊ ထိုင်းဘက်ကရော၊ ပြည်တွင်းဘက်ကရော ရောင်းအားကောင်းနေတော့ ဈေးတက်သွားတာပေါ့” ကုန်စုံဆိုင်ရောင်းသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
အခြေခံကုန်ဈေးနှုန်းများမြင့်တက်နေသည့်အပြင် အသား၊ ငါး များပါ ဈေးတက်လာမှုကြောင့် အိမ်ရှင်မများအနေဖြင့် မီးဖိချောင်တွင်းဖြေရှင်းရမည့်ပြသနာများနှင့် ကြုံတွေ့နေရသည်ဟု အိမ်ရှင်မတစ်ဦးက ဆိုသည်။
၎င်းက “ဈေးတောင်မှ မဝယ်ချင်တော့ဘူး၊ ဘာမှလည်းမပါလာတော့ဘူး။ ပိုက်ဆံတစ်သောင်း နှစ်သောင်းက၊ အရင်ကဆိုရင်တော့ တစ်နေကုန်စာမှ တစ်သောင်းလောက်ပဲကုန်တာလေ၊ အခုဆိုရင်တော့ တစ်နေကုန်စာကို ၁၈,၀၀၀၊ ၁၇,၀၀၀ အဲ့လောက်ကုန်တယ်” ဟု ဆိုသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး မြဝတီတောင်တက်လမ်းတစ်ချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းပြိုမှုများဖြစ်ကာ ကားလမ်းတစ်ချို့ ပိတ်ဆို့နေခြင်းကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်နေသည်။
ပုံစာ – ကြက်သွန်နီ ၁ ပိသာအိတ်နှင့် ကြက်သွန်ဖြူ ၆ ပိသာအိတ်များ။
****
Telegram – > https://thanlwinkhet.net/?p=10448
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10448