“နိုင်ငံတော်ပုန်ကန်မှုကျူးလွန်တဲ့ မင်းအောင်လှိုင်ကို သူနဲ့ ထိုက်သင့်တဲ့ပြစ်ဒဏ်ကိုပေးပြီးတော့ … နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်နိုင်မှာဖြစ်တယ်”
ဒီကနေ့ ဇွန် ၅ ရက်နေ့ဟာ အကြိမ် ၅၀ မြောက် ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင်နေ့ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိပတ်ဝန်းကျင်ထိန်းသိမ်းအခြေအနေနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်သူတစ်ဦးတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး လဖိုင်မော်ထွန်းအောင်နှင့် ဆက်သွယ်မေးမြန်းထားပါတယ်။
သံလွင်ခက် – မြန်မာနိုင်ငံရဲ့လက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အခြေအနေက ဘယ်လိုဖြစ်နေလဲ။
ဒုဝန်ကြီး – မြန်မာမှာပဲဖြစ်ဖြစ်၊ ကမ္ဘာမှာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလို့ပြောလိုက်ရင် သတ်မှတ်ထားတဲ့ အညွန်းကိန်းတွေ၊ တိုင်းတာချက်တွေ ရှိတယ်။ ဥပမာ- ကမ္ဘာမှာ နောက်ဆုံးကတော့ ပဲရစ်သဘောတူညီမှုမှာ ကမ္ဘာရာသီဥတုကပ်ဘေးကို ဘယ်လိုမျိုး ကာကွယ်ကြမလဲပေါ့။
အဲလိုမျိုး ကမ္ဘာလုံးဆိုင်ရာရာသီဥတုကပ်ဘေးနဲ့ဆိုင်တဲ့ ကတိကဝတ်တွေမှာ မြန်မာနိုင်ငံအနေနဲ့ မပါဝင်နိုင်တာ အခုဆို ရင်သုံးနှစ်ကျော် လေးနှစ် လောက်ရှိပြီ။
ဒါကြောင့်မို့ ကမ္ဘာ့ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ချိတ်ဆက်လှုပ်ရှားမှုအပိုင်းမှာ ကျွန်တော်တို့ ပျောက်သလိုဖြစ်သွား တယ်။ ဒါက ပထမဆုံး အခြေအနေပါ။
နောက်ပြီး တိုင်းပြည်ရဲ့ ရာသီဥတုကပ်ဘေးနဲ့ဆိုင်တဲ့ ကတိကဝတ်၊ ရာသီဥတုနဲ့ဆိုင်တဲ့ နိုင်ငံဆိုင်ရာ အစီရင်ခံစာတွေကို လည်း မှန်မှန်ကန်ကန်တင်ပြနိုင်ခြင်းလည်း မရှိတော့သလို အစီရင်ခံစာတွေနဲ့ပတ်သတ်တဲ့ ပတ်ဝန်းကျင် ကဏ္ဍကနေ လိုက်လုပ် ရမယ်ဟာတွေ ရှိတယ်။ ဉပမာ- သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဆင့်တန်း သတ်မှတ်ချက်တွေ၊ သစ်တော ထိန်းသိမ်းရေးဆိုင်ရာ စီမံချက်တွေ၊ ဒီရေတောထိန်းသိမ်းရေး စီမံချက်တွေလို နိုင်ငံအနေနဲ့လုပ်ရမယ့် စီမံကိန်းတွေအား လုံး မလုပ်နိုင်တော့တဲ့ အခြေအနေမှာ ရှိပါတယ်။
သံလွင်ခက် – အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍတွေမှာ အရင်တုန်းကလို ထိန်းသိမ်းမှုတွေ ဆောင်ရွက်နိုင်သေးလား။
ဒုဝန်ကြီး – အခုလက်ရှိကို ကမ္ဘာရာသီဥတုကပ်ဘေးဆိုင်ရာမှာဆိုရင် ဒီဆယ်စုနှစ်၊ ၂၀၂၀နောက်ပိုင်းမှာ ကျွန်တော်တို့က သိသိသာသာကို ခံစားလာရတယ်။ မြန်မာနိုင်ငံက ဒီရာသီဥတုပြောင်းလဲမှု ဒဏ်ကြောင့် ထိခိုက်ခံစားရမယ့်နိုင်ငံတွေ စာရင်းထဲမှာဆိုရင် အဆင့် ၂ လောက်ရှိတယ်။
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုကပ်ဘေးနဲ့ဆိုင်တဲ့ အစိုးရအနေနဲ့ တရားဝင်လုပ်ဆောင်ရမဲ့ နေရာမှာ လုပ်ဆောင်နိုင်မှု မရှိလို့ ဒီထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ ကမ္ဘာရံပုံငွေကနေလည်း ရရှိနိုင်ခြင်း မရှိတော့ဘူး။ အဲဒါကြောင့် ထိခိုက်နစ်နာမှုတွေက ဒီကြားထဲမှာ အများကြီးရှိလာတယ်လို့ ပြောလို့ ရတယ်။
နောက်တစ်ခုက များသောအားဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေက နိုင်ငံရေးပိုင်းဆိုင်ရာတွေမှာ စိတ်ပါဝင်စားတဲ့သူတွေဖြစ်သလို သဘာဝပတ်ဝန်းကျင်နဲ့ နိုင်ငံရေးဆိုတာ ခေါင်းနဲ့ပန်းလိုပဲ ခွဲခြားလို့မရတဲ့ အရာဖြစ် တယ်။
ဒီမြန်မာနိုင်ငံမှာ မင်းအောင်လှိုင်က နိုင်ငံတော် ပုန်ကန်မှုကို ကျူးလွန်ပြီးတော့ အာဏာသိမ်းထားတဲ့ အခြေအနေမျိုးမှာ ဒီသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားတဲ့ ဒေသခံအဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားပြီးတော့ ဖိနှိပ်တာတွေ ဖမ်းဆီးတာတွေ သတ်ဖြတ်တာတွေကို တောက်လျှောက်လုပ်ဆောင်နေတာ တွေ့ရတယ်။
အဲဒီကြောင့်မို့လို့ ဒေသတွင်းမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့လူတွေ လက်တွဲပြီးတော့ လုပ်ဆောင်နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုလက်တွေ့လုပ်ငန်းစဥ်တွေမှာ အများကြီး ထိခိုက်နစ်နာနေတယ်။
တစ်ချို့နေရာတွေမှာ လေဟာနယ်ဖြစ်သွားတဲ့အတွက် နဂိုရှိပြီးသား ထိန်းသိမ်းထားတဲ့ သဘာဝအရင်းမြစ်တွေ ပြုန်း တီးလာတယ်။ ဥပဒေမဲ့ ထုတ်ယူသုံးစွဲတာတွေကိုလည်း အများကြီးတွေ့လာရတယ်။ လက်ရှိမှာ အရင်တုန်းကထက်ပို ပြီးတော့ ဆိုးလာတဲ့ အခြေအနေကိုတွေ့နေရတယ်။
မင်းအောင်လှိုင်က နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ပြီးတဲ့အချိန်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို အရင်လို လုပ်ဆောင်နိုင်သေးလားဆိုရင်တော့ မလုပ်ဆောင်နိုင်တော့ဘူး။ တစ်ချို့ နိုင်ငံတကာအနေနဲ့ဆိုရင်လဲ ပရော့ဂျက် အကြီးကြီးတွေ လုပ်ကိုင်လို့ မရတော့တဲ့အရာတွေရှိတယ်။
ကမ္ဘာ့ဘဏ် (World Bank)၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Asia Development Bank) တို့ဆိုရင် ရာသီဥတု ပြောင်းလဲမှုနဲ့ဆိုင်တဲ့ စီမံချက်တွေရှိတယ်။ အဲဒါတွေက သစ်တောထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်တွေ (သို့) စွမ်းအင် အသုံးချမှုကို ပိုကျစ်လစ်ပြီးတော့ အလေအလွင့်မရှိအောင်လုပ်တဲ့ စီမံကိန်းတွေ(Energy efficiency)နဲ့ လျှပ်စစ်စီမံ ကိန်းတွေ ဖြစ်ပါတယ်။ အဲဒီအရေးကြီးအရာတွေ အားလုံးက ရပ်တန့်သွားပြီး သဘာဝပတ်ဝန်းကျင်အပေါ်မှာ ဒဏ်ဖြစ် စေတယ်။
ဒါတွေအားလုံး ပေါင်းလိုက်တဲ့အခါ အရင်ကလိုမျိုး ပြည်သူလူထုပါဝင်လှုပ်ရှားတဲ့ မိမိရဲ့မြို့ရွာတွေကို သန့်ရှင်းရေး၊ မိမိရဲ့ဘေးပတ်ဝန်းကျင်တွေမှာရှိတဲ့ သစ်တောသစ်ပင်တွေကို ထိန်းသိမ်းရေး စတာတွေကို မလုပ်နိုင်တော့တာတွေ့ရ တယ်။ ဒါ့အပြင် တရားမဝင်သဘာဝသယံဇာတတွေကို ထုတ်ယူသုံးစွဲမှု တဟုန်ထိုးမြင့်လာတဲ့အခါမှာ အရင်နဲ့မဆိုင် တော့ဘဲ ယုတ်လျော့ကျဆင်းမှုတွေကို အများကြီးတွေ့လာရတယ်။
သံလွင်ခက် – မြန်မာနိုင်ငံမှာ ပတ်ဝန်းကျင်ထိခိုက်မှုနှုန်းတွေက ပိုများလာတယ် ။အဲဒီအခြေအနေတွေကို ထိန်းသိမ်းနိုင် ဖို့ဆိုရင် ဘာတွေလုပ်ဆောင်ဖို့လိုအပ်မလဲ။
ဒုဝန်ကြီး – လက်ရှိဖြစ်ပေါ်နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေပေါ့နော် ဥပမာ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ရံပုံငွေတွေကို လက်လှမ်း မမှီတော့ဘူး။ ကမ္ဘာကနေ အကူအညီပေးတဲ့ နည်းပညာတွေကို လက်လှမ်းမမှီတော့ဘူး။ နောက် နိုင်ငံအဆင့်ကနေ မပျက်မကွက်တင်ရမဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ရာသီဥတု လိုက်လျောညီထွေမှုနဲ့ နိုင်ငံတော် ကတိကဝတ်ဆိုင်ရာ အစီရင်ခံစာတွေကိုလုပ်ဆောင်နိုင်ခြင်းမရှိတော့ဘူး။ အဲဒါတွေက နိုင်ငံရေး အခြေအနေကြောင့် ဖြစ်နေတာ။
နိုင်ငံရေးအခြေအနေမှာ နိုင်ငံတော် ပုန်ကန်မှုကျူးလွန်တဲ့ မင်းအောင်လှိုင်ကို သူနဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကိုရပြီးတော့ နိုင်ငံရဲ့ အခြေအနေဟာ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်လမ်းကြောင်းကို ဦးတည်နိုင်မှ နိုင်ငံရေးအခက်အခဲတွေ ပြဿနာတွေ က ပြေလည်နိုင်မယ်။ အဲဒီလိုပြေလည်မှ လက်တွေ့ကြတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ နိုင်ငံ တကာနဲ့ချိတ်ဆက်ဆောင်ရွက်မှုတွေနဲ့ ပြည်တွင်းမှာ ပြည်သူလူထုပါဝင်တဲ့ သဘာဝပတ်ဝန်းကျင် လှုပ်ရှားမှုတွေကို ကျွန်တော်တို့ ပြန်လည် လုပ်ဆောင်နိုင်မှာဖြစ်တယ်။
သံလွင်ခက်- လက်ရှိအခြေအနေမှာ မထိန်းသိမ်းနိုင်ဘူးဆိုရင် မြန်မာနိုင်ငံမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေတွေ ဖြစ်လာနိုင်မလဲ။
ဒုဝန်ကြီး – ဖွံ့ဖြိုးပြီးနိုင်ငံတွေကနေ ရာသီဥတုနဲ့ပတ်သက်လို့ ဒေါ်လာဘီလီယံ ရာနဲ့ချီပြီးတော့ ရံပုံငွေတွေထားကြ တယ်။ အဓိကကတော့ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သစ်တောတွေ ထိန်းသိမ်း တာတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ ရာသီဥတုကြံကြံခံနိုင်တဲ့ ကိစ္စရပ်တွေ၊ အဲဒီမှာ လမ်းတံတား တွေ ဆောက်တာတွေ၊ စီးပွားရေးအကူအညီပေးမှုတွေနဲ့ လယ်သမားတွေ အတွက်နည်းပညာတွေ၊ ငွေကြေးတွေ ပါ မယ်။ ဒီလိုစီမံကိန်းတွေကို ကျွန်တော်တို့က ကမ္ဘာနဲ့ မချိတ်မိတဲ့အတွက် လက်လှမ်းမမှီတော့ဘူး။
အဲဒီတော့ ထိခိုက်နစ်နာမှုတွေက နိုင်ငံအဆင့်မှာလဲ ထင်ထင်ရှားရှားဖြစ်လာမယ်။ ဆိုလိုတာက ကျွန်တော်တို့နိုင်ငံရဲ့ စီး ပွားရေးက သာဘာဝဘေးအန္တာရယ်ကို ကြံကြံခံနိုင်တဲ့ စီးပွားရေးတစ်ရပ် မဖြစ်လာနိုင်ဘူး။ အဲလိုဆိုရင် တိုင်းပြည်က မုန်တိုင်းကျရင်၊ မိုးကြီးမြေပြိုရင်လည်း ထိခိုက်မယ်။ အခုဆိုရင်လဲ ရေအားလျှပ်စစ်ကို အားကိုးမယ်ရင်လဲ ဒီလိုရာသီဥ တု အခြေအနေနဲ့ဆိုရင် လျှပ်စစ်ရရှိနိုင်မှုမှာပါ ထိခိုက်လာမယ်။ နေ့စဥ် စားဝတ်နေရေး ကိုထိခိုက်လာမယ့် အခြေအနေ တွေ အများကြီး ရှိတယ်။
ရာသီဥတုပြောင်းလဲမှုကို ခုခံကာကွယ်မှု မလုပ်နိုင်ဘူးဆိုရင် ဆင်းရဲချမ်းသာ ကွာဟမှုပိုပြီးတော့ ကြီးလာမှာဖြစ်တယ်။ ဆင်းရဲချမ်းသာ ကွာဟမှုကြီးလာလေ အဲဒီလူအသိုင်းအဝိုင်းမှာ မတည်ငြိမ်မှုတွေ ပိုပြီးတော့ များလေ။ ဖွံဖြိုးမှုကို လုပ် ဆောင်ဖို့ခက်တယ်ဆိုတာကို တွေ့ရမှာ ဖြစ်တယ်။ ဒါက သဘာဝ ပတ်ဝန်းကျင်နဲ့ ရာသီဥတုကို ကောင်းမွန်စွာကိုင်တွယ် နိုင်ခြင်းမရှိဘူးဆိုရင် ကြုံတွေ့လာရမဲ့ အကျိုးဆက်တွေ ဖြစ်တယ်။
သံလွင်ခက် – လက်ရှိသဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ပတ်သက်ပြီး သိသာထင်ရှားတဲ့ဥပမာတွေ ရှိရင်ပြောပြပေးပါ။
ဒုဝန်ကြီး – လက်ရှိသဘာဝပတ်ဝန်းကျင်ပျက်စီးမှုက မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးဆိုင်ရာ ကြုံတွေ့နေရတဲ့ ပြဿ နာရပ်ဖြစ်တယ်။ မြန်မာနိုင်ငံလိုမျိုးမှာဆိုရင်လည်း ဒီနှစ်ထဲမှာဆိုရင် အားလုံးသိသိသာသာခံစားရတာကတော့ အပူလှိုင်း ဖြတ်တာ။ အပူလှိုင်းဖြတ်တာကြောင့် အပူဒဏ်ကို ပြင်းထန်စွာ ခံစားရတယ်။ ဒီအပူဒဏ်ကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးရတယ်။ စာရင်း အစစ်အမှန်ကတော့ ရရှိနိုင်မှု ခက်ခဲတာကြောင့် မရပေမဲ့ ခန့်မှန်းကြည့်မယ်ဆိုရင် လူရာနဲ့ချီပြီးတော့ အပူဒဏ်ကြောင့် တိုက်ရိုက်ခံစားရသလို လူထောင်သောင်းချီကတော့ သွယ်ဝိုက် ပြီးတော့ ခံစားရတယ်ဆိုတာကို ကျွန်တော်တို့တွေ့ရတယ်။ ဒါဟာ လူသားတွေအပေါ်မှာတိုက်ရိုက်ထိခိုက်တဲ့ဟာပါ။
နောက်တစ်ခုက လူ့အသိုင်းအဝိုင်း အလုပ်ဖြစ်အောင် လျှပ်စစ်တွေလိုတယ်။ လျှပ်စစ်နဲ့ဥပမာပေးတယ်ဆိုရင် ဒီနှစ် နွေရာသီမှာ လျှပ်စစ်ပြတ်တောက်မှုကို ဆိုးရွားစွာခံစားရတာတွေရှိတယ်။ အဲဒါတွေဟာ ရာသီဥတုနဲ့ စကစ။ စကစက ဂက်စ်တာဘိုင်တွေကို မလည်ပတ်ဘဲထားတာနဲ့ဆိုင်သလို နောက်တစ်ချက်က ရေအားလျှပ်စစ်ပိုင်းမှာ ခြောက်သွေ့တဲ့ ရာသီဥတုက ရှည်ကြာတဲ့အခါမှာဆိုရင် ရေသိုလှောင်မှုတွေ ကျဆင်းသွားပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုက ထိခိုက်တယ်။
နောက်တစ်ခုက အပူဒဏ်မြင့်လာတဲ့အခါ လျှပ်စစ်ကို ကြိုးသွယ်ရတဲ့ အကွာအဝေးတောက်လျှောက်မှာ အပူဒဏ် ကြောင့် လျှပ်စစ်ဓါတ်အားတွေဆုံးရှုံးမှုတွေ ဖြစ်တယ်။ ဒီဟာတွေက မြင်သာတဲ့ အရာတွေပါ။ နောက်တစ်ခုက ကောက်ပဲသီး နှံဆုံးရှုံးမှုတွေ။ အရင်တုန်းကလို အထွက်နှုန်းမရတော့တာတွေနဲ့ အရည်အသွေးပိုင်းမှာ မပြည့်မှီတော့တဲ့ အတွက်ကြောင့် စျေးကွက် တန်းမဝင်တော့တာတွေ ကျွန်တော်တို့ မြင်တွေ့နေရတယ်။
သံလွင်ခက် – သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက် ပြောစရာရှိပါသလဲ။
ဒုဝန်ကြီး – ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်မှုဟာ ကျွန်တော်တို့ နိုင်ငံလုံးဆိုင်ရာ စီးပွားရေးကိုလည်း သက်ရောက် တယ်။ နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေအပေါ်မှာလည်း သက်ရောက်တယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ခံစားရမှု ဖြစ်တဲ့ ကျန်းမာရေးသက်တောင့်သက်သာရှိမှုနဲ့ စီးပွားရေး ဒါတွေအားလုံးမှာ သက်ရောက်တယ်ဆိုတာကို တွေ့ရမှာ ဖြစ်တယ်။
ဒါကနိုင်ငံရေးနဲ့လဲ တိုက်ရိုက်သက်ဆိုင်တာဖြစ်လို့ နိုင်ငံရေးအခြေအနေကောင်းမွန်လာခြင်းမရှိဘဲနဲ့ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ နိုင်ငံတော်ပုန်ကန်မှုကျုးလွန်တဲ့ စစ်တပ်က နိုင်ငံရဲ့ တရားမျှတမှု အပြစ်ပေး အရေးယူခြင်းကို ခံယူမှုမရှိဘူးဆိုရင် ဒီဟာတွေက ပြုပြင်ဖို့ ခက်တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က တော်လှန်ရေးအောင်မြင်ခြင်းကလည်း သဘာ ဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းဖြစ်တယ်လို့ တိုက်တွန်းပြောကြားချင်ပါတယ်။
သံလွင်ခက် – အခုလို ဖြေကြားပေးတဲ့အတွက် ဒုဝန်ကြီးကို ကျေးဇူးတင်ပါတယ်။