စစ်ကောင်စီက လုပ်ငန်းရှင်များကို ဖမ်းဆီးခြင်းသည် မြန်မာကျပ်ငွေတန်ဖိုး ပြန်လည်ဦးမော့မလာနိုင်ဟု NUG ဆို
***********
ယမင်းဖူးပွင့်အောင်
ဇွန် ၅၊ ၂၀၂၄။
စစ်ကောင်စီသည် ရွှေဈေး အဆမတန်မြင့်တက်ခြင်းနှင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခြင်းစသည့် ကိစ္စရပ်များကို ဖြေရှင်းရန် ရွှေလုပ်ငန်းရှင်များ၊ ငွေလဲလုပ်ကိုင်သူများကို ဖမ်းဆီးခြင်းသည် မှန်ကန်သည့်နည်းလမ်းမဟုတ်ဘဲ ဆေးမြှီးတိုသာဖြစ်သည်ဟု NUG စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောသည်။
ဇွန်လ ၃ရက်နေ့က အွန်လိုင်းစနစ်ဖြင့် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံတွင်လက်ရှိကြုံတွေ့နေရသော စီးပွားရေးပျက်ကပ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျပ်ငွေက ဒီ့ထက်ပိုပြီး တန်ဖိုးကျမှာပါ။ ပြန်ပြီးဦးမော့လာစရာအကြောင်းမရှိပါဘူး။ အာဏာမသိမ်းခင်က ၁၂၅၀ လောက်ကနေ တက်လာတယ်။ ၂၀၀၀ ကျော်လာတယ်။ ဖမ်းတယ်ဆီးတယ် လုပ်လိုက်တယ်။ နည်းနည်းလေး ပြန်ကျသွားတယ်။ ဒါပေမယ့် ၁၂၅၀ ဘယ်တော့မှပြန်မရောက်ပါဘူး” ဟု ဝန်ကြီးက ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် စီးပွားရေးအကြပ်အတည်းနှင့်ပတ်သက်၍ ဖြေရှင်းနိုင်ရန် အမျိုးသားညီညွတ် ရေးအစိုးရ NUG နှင့်မဟာမိတ်အဖွဲ့များက စုပေါင်းအဖြေရှာလျက်ရှိသည်ဟုလည်း ၎င်းကပြောသည်။
“ဒီအခြေအနေကို ကျော်လွှားနိုင်အောင် နိုင်ငံရေးနည်းလမ်း၊ စီးပွားရေးနည်းလမ်း၊ စစ်ရေးနည်းလမ်းအားဖြင့် ကိုယ် တတ်နိုင်တဲ့ကိစ္စကို ပေါင်းစပ်ပြီး အဖြေရှာပြီး ဆောင်ရွက်နေပါတယ်။ ပြည်သူလူထုအားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်အာ ဏာရှင်များနဲ့ စစ်အာဏာရှင်စနစ်ကို ပြိုလဲအောင် ဖြိုလှဲခြင်းကသာလျှင် မြန်မြန်ဆန်ဆန်နဲ့တိုင်းပြည်ကို ပြန်လည် တည်ဆောက်နိုင်မယ့် စီးပွားရေးအရ နာလန်ထူနိုင်အောင် ပြန်လည်ပြင်ဆင်နိုင်မယ့် အနေအထားမျိုးဖြစ်ပါတယ်” ဟု ဆက်ပြောသည်။
ယခုရက်ပိုင်းတွင်စစ်ကောင်စီက ပြည်တွင်းအထင်ကရ ရွှေလုပ်ငန်းရှင်များအပါအဝင် တစ်ခြားစီပွားရေးလုပ်ငန်းရှင် အယောက် ၇၀ အထက်ကိုဖမ်းဆီး-ဝရမ်းထုတ်ခြင်းများ ပြုလုပ်လျက်ရှိနေသည်။
အမည်မဖော်လိုသည့် စီးပွားရေးပညာရှင် ၁ ဦးကလည်း ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များကို ဖမ်းဆီးအရေးယူ ခြင်းသည် ရေတိုကုစားခြင်းသာဖြစ်ပြီး ရေရှည်ကုစားရမည့် နည်းလမ်းများကိုလည်း ဆောင်ရွက်သင့်သည်ဟု စီးပွားရေးပညာရှင် ၁ဦးက အကြံပြုထားသည်။
“စီးပွားရေးက ဒီတိုင်းသွားလို့ကတော့ ဦးမော့လာစရာအကြောင်းမရှိပါဘူး။ အများကြီးပြင်ဆင်စရာရှိတာ ပြင်ဆင်ရ မယ်။ နိုင်ငံရေးတည်ငြိမ်မှ စီးပွားရေးတည်ငြိမ်မှာ။ ဒေသလုံခြုံရေး တည်ငြိမ်အေးချမ်းရေး ပြည်သူတွေရဲ့ စားဝတ်နေ ရေးတွေကို မဖြေရှင်းဘဲ စီးပွားရေးဦးမော့လာဖို့ကတော့ မလွယ်လှသေးဘူးဗျ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီက အာဏာသိမ်းကာလအတွင်း ငွေစက္ကူအသစ် ကျပ်ဘီလီယံ ၃၀၀၀၀ နီးပါးရိုက်ထုတ်ခဲ့ရာ အဆိုပါ အရေအတွက်သည် NLD အစိုးရလက်ထက် ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ် ၂နှစ်အတွင်း ရိုက်ထုတ်ခဲ့သည့် ပမာဏထက် ၈ ဆ ကျော် ဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဖော်ပြခဲ့သည်။
ပုံစာ – NUG စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်