စစ်ကော်မရှင်၏ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ သဘောထား၊ တပ်မဟာ ၃ နယ်မြေမှာရှိတဲ့ လူထုတွေပါဝင်ပါက ဘယ်လိုအရေးယူသွားမလဲဆိုတာတွေကို ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင် (ခလယ်လွီထူ) ၏ ခရိုင်အလုပ်အမှုဆောင်ကော်မတီဝင်နှင့် ခရိုင်ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဟဲဂေအား သံလွင်ခက်မှ ဆက်သွယ်မေးမြန်းထားပါသည်။
သံလွင်ခက် – တပ်မဟာ ၃ အနေနဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ဘယ်လိုမြင်ပါသလဲ။
ပဒိုစောဟဲဂေ – ဒီမေးခွန်းအပေါ်မှာ ပြန်ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲကို ဘယ်လိုမြင်လဲဆိုတော့ ကျွန်တော်ပြောချင်တာက လက်ရှိ အာဏာသိမ်းစစ်တပ်ကနေပြီးတော့ လုပ်မယ့်ရွေးကောက်ပွဲဟာ အဓိကအားဖြင့် အာဏာရှင်အသက် ဆက်ရှင်သန်နိုင်ဖို့အတွက်၊ အာဏာတည်မြဲဖို့အတွက် သူတို့လုပ်တာဖြစ်တယ်။ ပြီးတော့ ပြန်ကြည့်မယ်ဆိုရင် ဒီရွေးကောက်ပွဲဟာ တရားမျှတမှုရှိမယ့် ရွေးကောက်ပွဲလည်း မဟုတ်ပါဘူး။
သံလွင်ခက် – တပ်မဟာ ၃ အနေနဲ့ ကေအဲန်ယူဗဟိုရဲ့ သဘောထားအတိုင်းပဲ ရွေးကောက်ပွဲကို လက်မခံတာလား။ ဘာကြောင့် လက်မခံတာလဲ။
ပဒိုစောဟဲဂေ – ဘာကြောင့် လက်မခံတာလဲဆိုရင် လက်မခံရတဲ့အကြောင်းရင်းက အများကြီးရှိပါတယ်။ ကျွန်တော်တို့ ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်၊ ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရတာနဲ့ တပြိုင်နက်တည်းမှာပဲ စစ်အာဏာရှင်တွေရဲ့ ဦးဆောင်မှုအောက်မှာ ပြည်သူတွေ အလူးအလဲ ခံနေရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာဆိုရင် ၄၇ ဖွဲ့စည်းပုံ၊ ၇၄ ဖွဲ့စည်းပုံ၊ ၂၀၀၈ ဖွဲ့စည်းပုံတွေ ရှိခဲ့ပါတယ်။ ဒီတိုင်းပြည်မှာ အုပ်ချုပ်နေတဲ့၊ အုပ်ချုပ်ခဲ့တဲ့ စနစ်တွေက စစ်အာဏာရှင်စနစ်တစ်ခုတည်းနဲ့ပဲ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တယ်။
ဒီစစ်အာဏာရှင်ရဲ့ သံသရာစက်ဝိုင်းထဲကနေ တိုင်းသူပြည်သားတွေအားလုံး လွတ်မြောက်နိုင်ဖို့အတွက် ကျွန်တော်တို့ ရုန်းကန်ဖို့လိုပါတယ်။ အဲ့ဒီတော့ ဒီသံသရာထဲမှာ ကျွန်တော်တို့ နေလာခဲ့တာ ပြည်သူလူထုအနေနဲ့ တိုင်းပြည်အပေါ်မှာ တာဝန်ကျေခဲ့ပါတယ်။ ဒါပေမဲ့ အုပ်ချုပ်သူလူတန်းစားတွေကတော့ ပြန်ကြည့်မယ်ဆိုရင် လူထုအပေါ်မှာ တာဝန်မကျေခဲ့ဘူး။ အဓိကက သူတို့အာဏာတည်မြဲရေးအတွက်၊ သူတို့အာဏာ သက်ဆိုးရှည်ဖို့အတွက်ပဲ မတရားမှုတွေနဲ့ ဒီတိုင်းပြည်ကြီးကို အုပ်ချုပ်ခဲ့တာပါ။ အဲ့ဒါကြောင့်မို့ လက်ရှိ အာဏာတည်မြဲရေးအတွက် အတုအယောင်ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကျွန်တော်တို့ လက်မခံတာ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အဓိကက တရားမျှတမှု၊ တန်းတူညီမျှမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့လိုတယ်။ တရားမျှတမှုနဲ့ တန်းတူညီမျှတဲ့ ဥပဒေတစ်ခု ရှိဖို့လိုတယ်။ ၂၀၀၈ ဥပဒေဆိုတာကိုလည်း ကေအဲန်ယူအနေနဲ့ လက်မခံသလို ပြည်သူတော်တော်များများလည်း လက်မခံကြပါဘူး။ ဒီဥပဒေအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင် ဒီတိုင်းပြည်မှာရှိနေတဲ့ တရားမျှတမှုဆိုတာကို ကျွန်တော်တို့ ရရှိမှာမဟုတ်ပါဘူး။
ဒီစစ်အာဏာရှင်အုပ်ချုပ်မှုထဲမှာပဲ သံသရာလည်သွားမှာဖြစ်တယ်။ အဓိကကတော့ ကျွန်တော်တို့လိုချင်တဲ့၊ တိုင်းပြည်နဲ့ အသင့်တော်ဆုံးကတော့ ရှင်းရှင်းပြောရရင် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်ဥပဒေတစ်ခုဖြစ်ဖို့ အရေးကြီးပါတယ်။ အဓိကက ဒေသကနေ အခြေခံပြီး တက်လာဖို့လိုတာပေါ့။ ဒီလိုမျိုး အာဏာတည်မြဲရေးအတွက် သူတို့ပြုလုပ်မယ်ဆိုရင် ရွေးကောက်ပွဲဆိုတာကလည်း တရားမျှတမှုရှိမှာ မဟုတ်တဲ့အတွက် ကျွန်တော်တို့က လက်မခံဘူးဆိုတာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
သံလွင်ခက် – လက်ရှိအချိန်မှာ စစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး BGF ရော DKBA ကပါ စစ်ကော်မရှင်ရွေးကောက်ပွဲမှာ ပါဝင်တဲ့ပြည်သူတွေကို ဝန်းရံကူညီပေးမယ်လို့ သူတို့ရဲ့သဘောထားကို ထုတ်ပြန်ထားပါတယ်။ KNU တပ်မဟာ ၃ အနေနဲ့ ဘာများပြောချင်ပါသလဲ။
ပဒိုစောဟဲဂေ – BGF တို့၊ DKBA တို့၊ PC တို့ဆိုတာက ကျွန်တော်တို့ တပ်မဟာ ၃၊ ညောင်လေးပင်ခရိုင်ထဲမှာတော့ မရှိကြပါဘူး။ သူတို့မရှိတဲ့အတွက် သူတို့နဲ့ဆက်စပ်တဲ့ အခြေအနေမှန်ကိုတော့ ကျွန်တော်တို့ မသိရပါဘူး။ သူတို့ထုတ်ပြန်တဲ့အပေါ်မှာ ဘယ်လိုသဘောထားလဲဆိုတာကိုတော့ ကျွန်တော်တို့က ရှင်းရှင်းလေးပါပဲ။ သူတို့ အဲ့လိုထုတ်ပြန်ခဲ့တာကလည်း အဓိကတော့ သူ့ရဲ့အခန်းကဏ္ဍ၊ သူတို့ရဲ့အကျိုးကျေးဇူးလို့ပဲ ပြောရမလား၊ သူ့ရဲ့အခြေအနေတစ်ခုအပေါ်မှာ ထုတ်ပြန်ကောင်း ထုတ်ပြန်နေမှာပေါ့။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့နယ်မြေမှာတော့ အဲ့ဒီရွေးကောက်ပွဲကို လက်မခံပါဘူး။
လက်မခံတဲ့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကျွန်တော်တို့ တိုက်ဖျက်ဖို့လိုတယ်။ လက်ခံမယ့်သူတွေနဲ့ ပတ်သက်ရင် ပိုပြီးတော့ အရေးကြီးပါတယ်။ သမိုင်းတရားခံမဖြစ်အောင်၊ အာဏာရှင်သက်ဆိုးမရှည်အောင် ကျွန်တော်တို့လုပ်ရမယ်ဆိုရင် လူတန်းစားမရွေး၊ အဖွဲ့အစည်းအားလုံးကနေပြီးတော့ ဒါတွေကို တိုက်ဖျက်ဖို့လိုတယ်။ လုပ်ဆောင်ဖို့လိုတယ်။ နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ဖို့လိုတယ်။ ဒါကတော့ လူတိုင်းလုပ်ရမှာပဲလေ။ ဒါပေမဲ့ သူတို့က အဲ့လိုမျိုးလက်ခံတယ်ဆိုတာကတော့ သူတို့အပိုင်းပေါ့နော်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့နယ်မြေရဲ့အပေါ်မှာ ဗဟိုရဲ့ဦးဆောင်မှုအောက်မှာ သွားနေတာဖြစ်တဲ့အတွက် ဒီအတိုင်းပဲ ရပ်တည်သွားမှာဖြစ်ပါတယ်။
သံလွင်ခက် – တပ်မဟာ ၃ နယ်မြေမှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ပါဝင်တဲ့သူတွေကို စောင့်ကြည့်ပြီး ကော်သူးလေဥပဒေနဲ့ အရေးယူမယ်လို့ ပြောထားပါတယ်။ ဘယ်လိုမျိုးပုဒ်မရှိပါသလဲ။ ဘယ်လိုအရေးယူမလဲဆိုတာ ပြည်သူလူထုသိအောင် ရှင်းပြပေးပါဦး။
ပဒိုစောဟဲဂေ – ကျွန်တော်တို့ ထုတ်ပြန်ချက်ထဲမှာ လူထုဖြစ်စေ၊ လူထုအဖွဲ့အစည်းဖြစ်စေ၊ ဘာသာရေးခေါင်းဆောင်တွေဖြစ်စေ၊ ဒီရွေးကောက်ပွဲကို ပါဝင်ပတ်သက်ပြီး လုပ်ဆောင်တဲ့သူတွေကို အရေးယူမယ်လို့ ပြောထားတာတွေရှိပါတယ်။ ဘယ်လိုအရေးယူမလဲဆိုရင် ကျွန်တော်တို့ ကေအဲန်ယူမှာ ရာဇဝတ်ကျင့်ထုံးဥပဒေဆိုတာ ရှိပါတယ်။ အဲ့ဒီဥပဒေထဲမှာဆိုရင် အဓိကက အမိန့်ထုတ်ပြန်ကြေညာချက်တွေကို မထီမဲ့မြင်ပြုတာတွေ၊ ပြည်သူ့ဝန်ထမ်းများရဲ့ ဥပဒေကို မထီမဲ့မြင်ပြုတဲ့ ပုဒ်မတွေ ရှိပါတယ်။ အဲ့ဒါတွေကို လက်မခံဘဲ၊ ထုတ်ပြန်ချက်တွေကို မလိုက်နာဘဲ သူတို့ကနေပြီးတော့ စစ်ကော်မရှင်နဲ့ ပူးပေါင်းပါဝင်မယ်ဆိုရင် ဒါကိုတော့ ကျွန်တော်တို့က ထိရောက်စွာ အရေးယူရမှာဖြစ်ပါတယ်။
သံလွင်ခက် – နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက် ပြောချင်တာရှိပါသလဲ။
ပဒိုစောဟဲဂေ – နောက်ဆုံးပြောချင်တာကတော့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားအားလုံး၊ မြို့မှာရှိတာဖြစ်စေ၊ နယ်မှာရှိတာဖြစ်စေ၊ ဒီအာဏာသိမ်းမှုသံသရာ၊ အာဏာရှင်အုပ်ချုပ်မှုရဲ့ သံသရာထဲမှာ မနစ်မွန်းစေချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင် တိုင်းပြည်ဟာ စစ်အာဏာရှင်ရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ရှိနေတာ နှစ်ပေါင်း ၇၀ ကျော်၊ ၈၀ ဝန်းကျင်လောက်ရှိပါပြီ။ အဲ့ဒါကြောင့်မို့ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ဟာ တိုင်းပြည်ကြီးကို ပြန်ကြည့်မယ်ဆိုရင် ၁၉၄၇ ကို ပြန်ရောက်သွားပြီး တိုင်းပြည်ကို အစကနေပြီးတော့ ပြန်တည်ဆောက်ဖို့ လိုအပ်နေပါတယ်။
အဲ့ဒီလို ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်တို့လိုချင်နေတဲ့ တန်းတူရေး၊ တရားမျှတမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ အပြည့်အဝ သာတူညီမျှရရှိဖို့အတွက် ပြည်သူတွေအားလုံး ဘယ်နေရာမှာပဲရှိရှိ စစ်အာဏာရှင်ရဲ့ လုပ်ဆောင်ချက်တွေကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကြဖို့ ပြောကြားချင်ပါတယ်။
သံလွင်ခက် – အခုလို အချိန်ပေးဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။