ဖေ့စ်ဘွတ်ခ်အစားထိုး Myspace အက်ပလီကေးရှင်း အသုံးပြုပါက ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက် မလုံခြုံနိုင်
********
(စစ်ကောင်စီ၏ Myspace အသုံးမပြုရန် လူထုလှုပ်ရှားမှု တစ်ချို့ အွန်လိုင်းပေါ်တွင် ပြုလုပ်ခဲ့ပြီးနောက် ယနေ့နေ့လည် ၂ နာရီ ဝန်းကျင်တွင် Google Play Store ပေါ်မှ ဖယ်ရှားခံထားရသည်။)
စကားမောင်
ဇွန် ၄၊ ၂၀၂၄။
မြန်မာနိုင်ငံတစ်ဝန်းတွင် လူသုံးများသည့် ဖေ့စ်ဘွတ်ခ်ဆိုရှယ်မီဒီယာပလက်ဖောင်းကို အစားထိုးရန် စစ်ကောင်စီက ဖန်တီးထားသည့် Myspace အက်ပလီကေးရှင်းမှာ ကိုယ်ရေကိုယ်တာလုံခြုံမှုမရှိနိုင်ဟု ဒစ်ဂျစ်တယ်ကျွမ်းကျင်သူ တစ်ချို့က ပြောသည်။
စစ်ကောင်စီသည် ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်စာမျက်နှာအသုံးမပြုဘဲ ကိုယ်ပိုင် လူမှုကွန်ယက်စာမျက်နှာကို အခြား နိုင်ငံများနည်းတူ အစားထိုးအသုံးပြုလာစေရန် ကြိုးပမ်းလာခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် နည်းပညာရှင်တစ်ဦးက သံလွင်ခက်ကို ပြောဆိုသည်။
“Myspace ဆိုပြီး အသစ်ထွက်လာတဲ့ဟာကို လူတွေဆီတွန်းပို့ဖို့ VPNတွေပိတ်တာလို့ နားလည်လို့ရတယ်။ အဓိကက တော့ သူတို့ ထိန်းချုပ်လို့မရတဲ့အရာကို ပိတ်ချလိုက်ပြီးတော့ သူတို့ထိန်းချုပ်လို့ရတဲ့ဟာကို လူတွေရှိလာစေချင်တဲ့ အတွက် ဖန်တီးတဲ့ပုံစံမျိုးပေါ့”ဟု သူကပြောသည်။
Myspace အကောင့်ပြုလုပ်လျှင် တောင်းယူသောအချက်အလက်များကို ဂရုပြုရန်လိုအပ်ပြီး အခြားဆိုရှယ် မီဒီယာ များကဲ့သို့ ကင်မရာ၊ မိုက်ခရိုဖုန်း၊ လိုကေးရှင်း (တည်နေရာ)၊ ဓာတ်ပုံနှင့် ဖိုင်များ ခွင့်ပြုရန်လို အပ်ခြင်းမျိုးဖြစ်နိုင် သည်ဟု ၎င်းက ဆက်ပြောသည်။
“နည်းပညာတင်မဟုတ်ဘူး အပြင်မှာလည်းစိတ်မချရတဲ့အနေအထားဆိုတော့ ပိုပြီးဂရုစိုက်ဖို့လိုလာမယ်။ အပြင်သွား တဲ့အခါ စစ်ဆေးခံရတာတွေ ပိုများနိုင်တယ်။ သတင်းအချက်အလက်စီးဆင်းမှုကလည်း အတိုင်းအတာတစ်ခုထိ ဆိုးသွားမယ်” ဟု ၎င်းကဆက်ပြောသည်။
VPN သည် ဖေ့စ်ဘွတ်ခ်အတွက်သာမဟုတ်ဘဲ တည်နေရာဖျောက်ပေးခြင်းကဲ့သို့ လုံခြုံရေးအရကာကွယ်နိုင်သည့် အတွက် နေ့စဥ်ဘဝလုံခြုံရေးအတွက်ပါ အသုံးပြုသင့်သည်ဟုဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် ဖေ့စ်ဘွတ်ခ်အပါအဝင် တခြားဆိုရှယ်မီဒီယာများ လူမှုကွန်ရက် အသုံးပြုရာတွင် ကြားခံချိတ်ဆက်ရသည့် အခမဲ့ VPN (Virtual Private Network) အများစုမှာ အသုံးပြုရန် အခက်ကြုံခဲ့ရသည်။
လက်ရှိတွင် လူသုံးများသော အခမဲ့ VPNများအပြင် ဝယ်ယူထားသည့် VPN အချို့ပါ အသုံးပြုမရဘဲ ရှိနေသည်ဟု ရန်ကုန်မြို့နေ အမျိုးသမီး ၁ ဦးက ပြောသည်။
“အပြင်မှာဆိုရင် Kpayနဲ့ ငွေရှင်းဖို့တောင်မလွယ်တော့ဘူး။ Kpayဝင်လို့မရဘူး၊ သူတို့က ဝိုင်ဖိုင်ပေးရင်တောင် အဲ့ဝိုင်ဖိုင်ကို ချိတ်လို့မရဘူး။ အဲ့လောက်ထိတိုင်ပတ်တယ်ပေါ့နော်”ဟု ပြောသည်။
ဖေ့စ်ဘွတ်ခ်ကို အသုံးပြု၍မရလျှင် ယူကျု့၊ တယ်လီဂရမ်နှင့် တစ်တော့ ကဲ့သို့ အခြား ဆိုရှယ်ပလက်ဖောင်းများအား ပြောင်းလဲအသုံးပြုနိုင်သည်ဟု သံလွင်ခက်မှ ဆက်သွယ်ခဲ့သည့် ဒစ်ဂျစ်တယ်ကျွမ်းကျင်သူတစ်ဦးနှင့် ရန်ကုန်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။
အာဏာရှင် ဆန့်ရှင်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် နွေဦးလုံခြုံရေးတယ်လီဂရမ်ချန်နယ်ကလည်း ယခုအချိန်တွင် VPN တိုင်းကို လွယ်လင့်တကူ အင်တာနက်မှ ဒေါင်းလုပ်ဆွဲတာမျိုး မလုပ်ကြရန် သတိပေးထားသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည့် ဆိုက်ဘာလုံခြုံရေးဥပဒေတွင် VPN ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုလျှင် ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ် ချမှတ်ခံရမည်ဟုဖော်ပြထားသည်။