လူသားဒိုင်းအဖြစ် ဖမ်းဆီးခံသူ မြို့ချောင်းအုပ်စု ဒေသခံ (၈) ဦး သတ်ခံရ
သဇင်
ဇွန် ၄၊၂၀၂၄
ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းအုပ်စုက လူသားဒိုင်းအဖြစ် ဖမ်းဆီခေါ်ဆောင်ခံရသည့် ဒေသခံ ၂၀ ဦးထဲမှ (၈) ဦးအား စစ်ကောင်စီက မေ ၃၁ ရက်နေ့တွင် သတ်ဖြတ်လိုက်သည်ဟု တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
သတ်ဖြတ်ခံရသူများကို ငပွေးကြီးချောင်းဆုံအနီးတစ်ဝိုက်နဲ့ နယ်မြေရှင်းလင်းသည့် လမ်းတစ်လျှောက်မှာ တွေ့ရှိခဲ့ခြင်းဖြစ် သည်ဟု ၎င်းက ဆိုသည်။ စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် မြို့ချောင်းအုပ်စု ၈မိုင် ညာတေးရွာမှ ကိုမှင်ဇာ၊ ဦးတာဖိုးတေနှင့် သား ၁ ဦး၊ ၁၂မိုင်မှ ကိုဖိုးကုလားလေး၊ ကိုမိုးဒီ နှင့် သား ၂ ဦးအပါအဝင် ရွှေတောင်တန်းရွာ မှ ပြည်သူ ၁ ဦး စုစုပေါင်း ၈ဦး တို့ဖြစ်သည်။
“၃၁ရက်နေ့ ညနေက ကျွန်တော်တို့နယ်မြေရှင်းလင်းရေးလုပ်ရင်းတွေ့ရတာ။ မင်းလှ စမ်းဘုတ်က ကိုဝင်းဌေး အလောင်းကို တော့ ငပွေးကြီးချောင်းဆုံနားမှာ ပုပ်ဆော်နံလို့ အနီးအနားကြည့်တော့ တွေ့ရတယ်။ အဝတ်အစားတွေလည်း ပွစာကြဲ နေတာပဲ ”ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့တွင် ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းတို့ဟာ မြို့ချောင်း -စိန်ကန့်လန့်ရိုး မဖြတ်လမ်း ၁၂ မိုင်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဲဒီနောက် စစ်ကောင်စီတပ်မှ ရန်ကုန်-မန္တလေး အမြန်လမ်းဘေး မြို့ချောင်း- ဖဒိုကြားရှိ နီမကွင်း၊ ကျားချောင်း၊ထီးလတ်ကျေးရွာမှ ရွာသား အယောက် (၂၀)ဦးဖြစ်ပြီး မေလ ၂၇ ရက်နေ့တွင် လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ် ဆောင်ခံရသူများဖြစ်သည်။
“ တချို့ပြည်သူတွေကို စကစ ယူနီဖောင်းနဲ့ ဝတ်ပြီး ရှေ့က သွားခိုင်းတယ်။ ဖမ်းခေါ်သွားတဲ့ ပြည်သူတွေရဲ့ မိသားစု တွေက ငိုတဲ့သူကငိုနဲ့ အကုန်ပူဆွေးနေကြရတယ်“ဟု ဒေသခံတစ်ဦးက အတည်ပြုပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းသည် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းပေါ်ရှိ ၅၄မိုင်တွင် တပ်စွဲထားသည်ဟု စစ်ရေးနီးစပ်သူများထံမှသိရသည်။
ပြီးခဲ့သည့် မေလ ၂၆ရက် မှ ၂၉ရက်နေ့အထိ ရိုးမဖြတ်လမ်းပေါ်ရှိ လေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၅)ဦးသေဆုံးပြီး တော်လှန်ရေးပူးပေါင်းစစ်ကြောင်းဘက်မှ ၂ဦးကျဆုံးကာ ၂ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။