မြဝတီသွား တောလား
(ခရီးသွားဆောင်းပါး)
မိုးငယ်ရေးသည်။
ဇွန်၊ ၂၀၂၄။
ကျွန်တော်ရဲ့ ရန်ကုန်-မြဝတီခရီးစဉ်ဟာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ စတင်ခဲ့တာပါ။ မြဝတီကနေ ထိုင်းနိုင်ငံမဲဆောက်ကို ကူးဖို့ဖြစ်ပါ တယ်။ အရင်ဆုံး ကျွန်တော်စီစဉ်ဖြစ်တာက ရန်ကုန်-မြဝတီကို ကားနဲ့ တိုက်ရိုက်သွားဖို့ပါ။ အဲဒီတုန်းက ကားခဟာ ၈၀,၀၀၀ ကျပ်ပါ။ သွားမဲ့ရက်မတိုင်ခင်ညမှာ ကားဆရာကို ဖုန်းဆက်ပြီး လမ်းခရီးအခြေအနေမေးဖြစ်တော့ သူက နောက်ထပ် သုံးရက်ရက်ရွေ့ဖို့ကို ပြော ပါတယ်။
အကြောင်းကတော့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက ကျုံအိတ်နဲ့ မစောတံတား နှစ်စင်းကျိုးနေတာကြောင့် ကားလမ်း ပိတ်နေသလို မြဝတီမြို့ တောင်တက်တောလမ်းမှာလည်း မိုးရွာထားတဲ့အတွက် လမ်းတွေချောနေပြီး အတက်/အဆင်း ကားတစ်ချို့လည်း ပိတ်မိနေ တယ်လို့ ဆိုပါတယ်။
တကယ်လို့ ဒီခရီးကို သွားခဲ့မယ်ဆိုရင် လမ်းခရီးမှာ သုံး-လေး ညအိပ်စက်ရနိုင်ပြီး ကုန်ကျစရိတ်များနိုင်တယ်လို့ သူက ရှင်းပြပါတယ်။
ကျွန်တော်အနေနဲ့ကလည်း ခရီးသွားဖို့ ပြင်ဆင်ပြီးပြီဖြစ်သလို နောက်လမဲ့ ဇွန်လမိုးတွင်းမှာ လမ်းခရီးတွေ ဒီထက်ပိုဆိုးလာနိုင်တာ ကြောင့် နောက်ထပ်ရက်မရွေ့တော့ဘဲ ခရီးထွက်ဖို့ကိုပဲ စိတ်က စောနေပါတော့တယ်။
ဒါ့ကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့မှာရှိတဲ့ အသိမိတ်ဆွေတစ်ချို့ကို ဖုန်းဆက်သွယ်ကြည့်တဲ့အခါ သူတို့က ရန်ကုန်-မော်လမြိုင် အမြန် မီးရထားနဲ့ ထွက်လာခဲ့ဖို့ အကြံပြုကြပါတယ်။
ဒီမှာ သူတို့ သတိပေးတာက ဘားအံမြို့အဝင်က သံလွင်မြစ်ကူးတံတားထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။
ကားသမားတွေနဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခရီးသွားထောက်ခံစာနဲ့ ခရီးသည်တွေရဲ့မှတ်ပုံတင်တွေ ကို စစ်ဆေးပြီးငွေ တောင်းရမ်းတတ်ကြလို့ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းထဲက ဓာတ်ပုံတွေကိုလည်း စစ်ဆေးပြီး စစ်အာဏာရှင်ဆန့်ကျင် ကြောင်းတွေ့ရှိရင် ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ နာမည်ဆိုးနဲ့ အပုပ်နံ့ထွက်နေခဲ့တာ အာဏာသိမ်းပြီးကတည်းကဖြစ်ပါတယ်။
သတင်းသမားတစ်ဦးအနေနဲ့လည်း ဒီလို စစ်ဆေးရေးဂိတ်မှာ အစစ်ဆေးခံပြီး ဖြတ်ကျော်ဖို့က စိုးရိမ်စရာဖြစ်ပါတယ်။ ဒါကြောင့် မော်လမြိုင်မြို့အထိ ရထားစီးသွားပြီး အဲဒီကနေတစ်ဆင့် ဘားအံမြို့ကို တစ်ခြားမြို့ဝင်လမ်းက ဝင်ရောက်ဖို့စီစဉ်လိုက်ပါတယ်။ ပြီးမှ ဘားအံမြို့ကနေ မြဝတီမြို့ကို ရတဲ့ကားနဲ့ဆက်တက်ဖို့ပါ။
ရန်ကုန်မှ သထုံသို့
********
နောက်တစ်နေ့မနက် အစောပိုင်းမှာ ရန်ကုန်ဘူတာကြီးကို ထွက်လာခဲ့ပါတယ်။ ဘူတာကြီးကိုရောက်တော့ ရထားလက်မှတ်မှောင်ခိုသမား တစ်ဦးဆီကို ချည်းကပ်ပြီး ရိုးရိုးတန်းခုံလက်မှတ်ကို ၂၀,၀၀၀ ကျပ်နဲ့ ဝယ်ခဲ့ပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီလိုလက်မှတ်တွေကို တစ်ရက်ကြိုတင်ဝယ်ယူမယ်ဆိုရင် ရိုးရိုးတန်းခုံလက်မှတ်ဟာ ၆,၀၀၀ ကျပ်ရှိပြီး အထူးတန်းခုံလက်မှတ်ဟာ ၁၀,၀၀၀ ကျပ်ခန့်သာရှိပါ တယ်။ ဒါ့အပြင် ရိုးရိုးတန်းခုံမဲ့လက်မှတ်တွေကို ဘူတာရုံမှာလည်း တန်းစီးပြီး ၆,၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်ပါတယ်။
လက်မှတ်မှောင်ခိုသမားဟာ ကျွန်တော်မှတ်ပုံတင်ကိုယူပြီး ဘူတာထဲဝင်သွားပါတယ်။ အတန်ကြာတဲ့အခါထွက်လာပြီး သူက ရထား လက်မှတ်နှစ်စောင်ကို ထုတ်ပေးတယ်။ အဲဒီနှစ်စောင်မှာ တစ်စောင်က ခုံနံပါတ်နဲ့မှတ်ပုံတင်နံပါတ်တစ်ခုပါရှိတယ်။ နောက်တစ်စောင် ကတော့ ရိုးရိုးတန်းခုံမဲ့လက်မှတ်ဖြစ်တယ်။
ရထားစီးနေတုန်း လက်မှတ်စစ်အရာရှိ လာတဲ့အခါ ရိုးရိုးတန်းခုံမဲ့လက်မှတ်ကိုပြပြီး ခုံနံပါတ်ပါတဲ့ လက်မှတ်ကို သိမ်းထားဖို့ သူက ရှင်းပြပါတယ်။
ဒီလိုနဲ့ ရထားထွက်တော့ ကျွန်တော်နံဘေးမှာ အသက် ၅၀ ဝန်းကျင်ခန့်ရှိတဲ့ ဘားအံမြို့သားတစ်ဦးနဲ့ မျက်နှာချင်းဆိုင်ခုံ အရှေ့မှာ ဧရာဝ တီတိုင်းကလာကြတဲ့ သားအဖနှစ်ဦးတို့ကိုတွေ့ရပါတယ်။ လက်မှတ်အကြောင်းဆက်စပ်ရင်း စကားပြောကြည့်တော့ သူတို့လည်း မှောင်ခို ဈေးနဲ့ ဝယ်ထားကြတဲ့အကြောင်းပြောကြပါတယ်။
သူတို့ခရီးစဉ်တွေကို ထပ်မေးကြည့်တော့ ဧရာဝတီတိုင်းက သားအဖနှစ်ဦးကတော့ မော်လမြိုင်မြို့အထိသွားမှာဖြစ်ပြီး ဘားအံမြို့သားက တော့ သထုံဘူတာမှာဆင်းပြီး အဲဒီကနေ လိုင်းကနဲ့တစ်ဆင့် ဘားအံ့မြို့ကို ဆက်သွားမဲ့အကြောင်း ပြောကြပါတယ်။ သူ့အဆိုအရ သထုံ မြို့ကို နေ့လည် ၂ နာရီခွဲမှာ မီးရထားဆိုက်ရောက်မှာဖြစ်ပြီး ဘားအံမြို့ကို နေ့မကူးဘဲ ဆက်သွားနိုင်တယ်လို့ ရှင်းပြပါတယ်။
ဒါကြောင့် ကျွန်တော်လည်း မော်လမြိုင်မြို့အထိ မသွားတော့ဘဲ သူနဲ့အတူ သထုံမြို့ကနေ ဘားအံမြို့ကို ဆက်သွားဖို့ ဆုံးဖြတ်လိုက်ပါ တယ်။ ဘားအံမြို့အဝင် သံလွင်တံတားထိပ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်အကြောင်းမေးကြည့်တော့ သူက အစစ်အဆေးသိပ်မရှိဘူး လို့ အေးအေးလူလူ ပြောပါတယ်။ သူ့အပြောအပေါ်မှာ မတင်မချဖြစ်ပေမယ့် အခုမှစသိတဲ့ လူကိုလည်း ဒီထက်အသေးစိပ်မေးမြန်းဖို့ အားနာတာကြောင့် ဆက်ပြီး မမေးဖြစ်တော့ပါဘူး။
ဧရာဝတီတိုင်း သားအဖနှစ်ဦးနဲ့ စကားစပ်မိတော့ အဖေဖြစ်သူက ဆားကွင်းမှာ နှစ် ၂၀ နီးပါး ဆားချက်လုပ်သားအဖြစ် အသက်မွေး နေသူဖြစ်ပြီး သူ့သားကတော့ ကိုရီးယားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ကိုရီးယားစားမေးပွဲဖြေဖို့ ပြင်ဆင်နေတယ်ဆိုတာ သိခဲ့ရပါတယ်။
ဧရာဝတီတိုင်းကနေ မော်လမြိုင်ကို ထွက်လာခဲ့ရတဲ့အကြောင်းကတော့ အခုလာမဲ့မိုးတွင်းမှာ အလုပ်ပါးတော့မှာဖြစ်သလို စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ စစ်မှုမထမ်းမနေရဥပဒေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းထဲမှာ အရင်တုန်းက တပ်သားသစ်အဖြစ် မဲပေါက်သူတွေဟာ ရပ်ကျေးအုပ်ချုပ်ရေးတွေကို လာဘ်ထိုးရင် လွတ်မြောက်နိုင် ပေမယ့် အခုမှာတော့ နာမည်အတိအကျနဲ့ စစ်တပ်က ရွာတွေထဲ လိုက်လံဖမ်းဆီးခေါ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။ ဒါကြောင့် သူတို့သားအဖနှစ်ဦးဟာ မော်လမြိုင်မြို့မှာရှိတဲ့ သူ့သားကြီးဆီကို ထွက်ခဲ့ကြတာပါ။
ဒီလိုနဲ့ ရောက်တတ်ရာရာတွေ ပြောကြရင်း ကျွန်တော်တို့ဟာ ပဲခူး၊ ဝေါ၊ မုပ္ပလင်၊ ကျိုက်ထို၊ ဘီးလင်း၊ သိမ်ဆိပ် စတဲ့ ဘူတာတွေကို တအိ အိတငြိမ်ငြိမ်နဲ့ ဖြတ်သန်းခဲ့ပါတယ်။ ရထားပေါ်မှာတော့ ခရီးသည်အတက်အဆင်း၊ ဈေးသည်တွေရဲ့ အသံတွေဟာ ပျားပန်းခပ် နေသလို လှုပ်လှုပ်ရှားရှားပါပဲ။
ကျွန်တော်တို့ စီးလာတဲ့ မီးရထားဟာ သထုံဘူတာကို နေ့လည် ၂ ခွဲဝန်းကျင်မှာ ဆိုက်ရောက်ခဲ့ပါတယ်။ အဲဒီကနေ တစ်ဆင့် ဘားအံမြို့ကို သွားဖို့ လိုင်းကားဂိတ်ကို ဆိုင်ကယ် ကယ်ရီစီးခဲ့ကြပါတယ်။ သထုံမြို့ဟာလည်း လူသွားလူလာတွေ တလှုပ်လှုပ်နဲ့ အသက်ဝင်နေပါတယ်။
လိုင်းကားဂိတ်ကိုရောက်တဲ့အခါ ထမင်းစားခဏနားပြီး ဘားအံမြို့ကို ထွက်ဖို့ ကားတစ်စီးပေါ်ကိုတက်ခဲ့ပါတယ်။ ကျွန်တော်တို့ ကားပေါ် တက်ပြီး သိပ်မကြာခင်မှာ ရန်ကုန်မြို့က လာကြတဲ့ လူငယ်တစ်ချို့ကိုတွေ့ရပါတယ်။ သူတို့ဟာ ဘားအံမြို့ပေါ်မှာ နိုင်ငံကူးလက်မှတ်လာ လုပ်ကြတယ်လို့ သူတို့ထဲက ယောက်ျားလေးတစ်ဦးက ပြောပြပါတယ်။
ရန်ကုန်မြို့ပေါ်က နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ ရုံးမှာတော့ ကြိုတင်ဘွတ်ကင်လုပ်ပြီး ရက်ချိန်းရယူမယ်ဆိုရင် အခုနှစ် နှစ်ကုန်ပိုင်း အထိ စောင့်ရနိုင်တယ်လို့ သူက ဆိုပါတယ်။
အဲဒီအချိန်ထိစောင့်မယ်ဆိုရင် သူတို့ဟာ ကိုးရီးယားစာ စာမေးပွဲဖြေခွင့်နဲ့ လွဲချော်နိုင်တာကြောင့် ဘားအံမြို့ကို ကျွန်တော်လိုပဲ မီးရထား၊ ကားစီးပြီး ထွက်လာခဲ့ကြတာပါ။ ရန်ကုန်-ဘားအံအထိအပြင် နိုင်ငံကူးလက်မှတ်ရရှိဖို့ ပွဲစားခ ကျပ်သိန်း ၂၀ ဝန်းကျင်အထိ အကုန်အကျ ရှိတယ်လို့ ပြောပါတယ်။
ဒီလိုနဲ့ ကျွန်တော်တို့လိုက်ပါ စီးနင်းလာတဲ့ကားဟာ ဘားအံမြို့ကို ခပ်သုတ်သုတ် ထွက်ခွာလာခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ ကားဆရာ ကတော့ ဖုန်းထဲက နိုင်ငံရေးနဲ့ဆိုင်တဲ့ ပုံတွေ၊ အချက်အလက်တွေဖျက်ထာားဖို့နဲ့ ဘားအံမြို့ကို အလည်အပတ်လာကြောင်းသာ ပြောကြ ဖို့ သင်ပေးနေပါတယ်။
နောက်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အရှေ့မှာ ဘားအံမြို့ကိုလာပြီး နိုင်ငံကူးလက်မှတ်လုပ်မဲ့အကြောင်း၊ မြဝတီမြို့ကို သွားလည်ပတ်မဲ့ အကြောင်းနဲ့ ထိုင်းနိုင်ငံကိုသွားပြီး အလုပ်လုပ်မဲ့အကြောင်းတွေ ပြောဆိုမိရင် ကျပ် ၅၀,၀၀၀ ဝန်းကျင်ကစလို့ ကျပ် ၁၀၀,၀၀၀ အထိ တောင်းရမ်းကြတယ်လို့ ကားဆရာက ရှင်းပြပါတယ်။
ဒါ့ကြောင့် ခရီးသွားတွေအနေနဲ့ ဘားအံမြို့က ဇွဲကပင်တောင်၊ အထင်ကရ ဘုရားစတဲ့ နေရာတွေကိုသာ လာရောက်လည်ပတ်ကြောင်း သာ ပြောဆိုသင့်တယ်လို့ ဆိုပါတယ်။
သံလွင်မြစ်ကူးတံတားထိပ်ကို ကျွန်တော်တို့ကား ရောက်တဲ့အခါမှာ ကံအားလျော်စွာပဲ စစ်ကောင်စီတပ်တွေဟာ ကုန်တင်ကားကြီး တွေကို အာရုံစိုက်နေခဲ့တာကြောင့် ကျွန်တော်တို့ဟာ သံလွင်တံတားပေါ်ကို လွတ်လွတ်ကျွတ်ကျွတ် တက်ရောက်နိုင်ခဲ့ပါတယ်။
အဲဒီအခါမှပဲ ခရီးသည်တွေထဲက တစ်ဦးဟာ သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ပြီး “အမလေး ငါ့မှာ သူတို့လာမေးရင်ပြောဖို့ ဇာတ် လမ်းတွေ ဆင်ထားလိုက်ရတာဟယ်” လို့ ဆိုလိုက်တာကြောင့် အားလုံးလည်း ရယ်ရယ်မောမောနဲ့ ပွဲကျသွားပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့ကို ဝင်တော့ ဇွဲကပင်တောင်ကြီးက မီးခိုးရောင်တိမ်ဆိုင်တွေကို ခေါင်းတင်ရွက်ထားပြီး စီးကြိုနေပါတယ်။ မိုးထိမြင့်တဲ့ ဒီတောင်ကြီးကို မိုးတိမ်တွေက အောက်ငုံ့ဆင်းပြီး ပွေ့ပိုက်ထားသလိုပါပဲ။
အတန်ကြာ ဘားအံမြို့လယ်က နာရီစင်ကိုရောက်ပြီး ခရီးအဆုံးသတ်ခဲ့ပါတယ်။ ကားဆရာကို မြဝတီတက်မဲ့ကားအကြောင်း မေးကြည့် တော့ သူက ကားခတစ်သိန်းကျပ်ရှိကြောင်း ဆိုပါတယ်။ သူ့ဖုန်းနံပါတ်ကိုပေးခဲ့ပြီး မနက်ကျရင် ဆက်သွယ်ဖို့ သူက ပြောပါတယ်။ ဒီလိုနဲ့ ကျွန်တော်ရဲ့ တစ်ညတာဟာ ဘားအံမြို့ထဲမှာပဲ ကုန်ဆုံးခဲ့ပါတယ်။
မြဝတီတက်ပြီ
*******
နောက်တစ်နေ့ မနက်ပိုင်းမှာတော့ မြဝတီမြို့ကို တက်မဲ့ တခြားကားဆရာတစ်ဦးနဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ လမ်းခရီးမှာ ဘာတွေ လိုအပ်လဲလို့ ကားဆရာကို ထပ်မေးကြည့်တဲ့အခါ သူက တရုတ်လူမျိုးလား၊ ဗမာလူမျိုးလားဆိုတာမေးပြီး မှတ်ပုံတင်ယူလာဖို့ ပြောပါတယ်။
ရန်ကုန်-မြဝတီတက်ဖို့ စပြင်ဆင်ကတည်းက ကျွန်တော်ဟာ ရပ်ကွက်ထောက်ခံစာကို ကြိုပြင်ထားခဲ့တာပါ။ ရန်ကုန်ကားဆရာတစ်ဦး ပြောပြတာက လမ်းခရီးမှာ စစ်ကောင်စီစစ်ဆေးရေး ဂိတ်တွေအပြင် BGF နယ်ခြားစောင့်တပ်တွေရဲ့ လမ်းကြေးတောင်းခံတာ တွေရှိလို့ လက်ထဲမှာ ပိုက်ဆံ ၂၀,၀၀၀ လောက် အပိုဆောင်ထားဖို့ လိုတယ်လို့ ဆိုပါတယ်။
အခု ဘားအံကားဆရာအဆိုအရ ဘားအံ-မြဝတီ လမ်းခရီးစစ်ဆေးရေးဂိတ်တွေက မှတ်ပုံတင်မှာ တရုတ်လူမျိုးဖြစ်နေတယ်ဆိုရင် တစ်ဦးကို ကျပ် ၁၀,၀၀၀ ပေးရကြောင်း ရှင်းပြပါတယ်။ ဒီရက်ပိုင်းမတိုင်ခင်က ဘားအံ-မြဝတီ ကားခဟာ ၆၀,၀၀၀ ကျပ်သာရှိခဲ့ပေမယ့် အခုရက်ပိုင်းမှာတော့ ၁၀၀,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပါတယ်။
BGF တပ်သားဖြစ်ဖြစ် KNU/KNLA (PC) တပ်သားတွေရဲ့ တရုတ်တွေကိုစစ်တဲ့အခါမှာ သူတို့ရဲ့ ဗန်းစကားက ပေါက်စီပါလားဆိုပြီးဖြစ် တယ်။
နောက်တစ်နေ့ မနက် ၈ ခွဲဝန်းကျင်မှာတော့ ဘားအံကားဆရာက ကျွန်တော် တည်ခိုးတဲ့နေရာကို လာကြိုပါတယ်။ အဲဒီကနေ တခြားခရီး သည်တွေကို လှည့်ကြိုပြီး ကျွန်တော်တို့ကားဟာ မြဝတီမြို့ကို ထွက်ခွာခဲ့ပါတယ်။ ကျွန်တော်တို့ကားထဲမှာ ပဲခူးတိုင်းကလာတဲ့ ယော ကျာ်းလေးတစ်ဦး၊ တခြားမိန်းကလေးသုံးဦးနဲ့ အမျိုးသမီးကြီးတစ်ဦးလည်း လိုက်ပါခဲ့ပါတယ်။
ပဲခူးတိုင်းက ယောက်ျားလေးဟာ အသက် ၂၃ နှစ်ဝန်းကျင်ရှိပြီး မြဝတီမြို့ပေါ်မှာ အလုပ်လုပ်မယ်လို့ ဆိုပါတယ်။ အမျိုးသမီးကြီးတစ်ဦး ဟာလည်း ကလေးဝမြို့ကနေ မြဝတီမြို့ပေါ်က ဆရာဝန်တစ်ဦးအိမ်မှာ အလုပ်လုပ်နေတာ သုံးနှစ်ဝန်းကျင်ရှိပြီဖြစ်ကြောင်း ပြောပါတယ်။ ကျန်တဲ့ အမျိုးသမီးငယ် သုံးဦးနဲ့တော့ စကားသိပ်မပြောဖြစ်တဲ့အတွက် သူတို့အကြောင်း သိပ်မသိခဲ့ရပါဘူး။ သူတို့ကလည်း မြဝတီမြို့ ပေါ်မှာ အလုပ်လုပ်ကြပုံပါပဲ။ လမ်းခုလတ်တစ်နေရာကနေ တက်လာတဲ့ အသက် ၅၀ အရွယ် ဦးလေးကြီးကတော့ ထိုင်းနိုင်ငံ၊ ဘန် ကောက်မှာ အလုပ်သွားလုပ်မယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစပြီး မြဝတီမြို့အနီးတစ်ဝိုက်က စစ်ကောင်စီတပ်ရင်း ခလရ ၂၇၅ အပါအဝင် ခမရ ၃၅၅၊ ၃၅၆ တပ်ရင်းတွေ ကို KNU နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူခဲ့ပြီးနောက် မြဝတီမြို့ကို ပြန်လည်ရရှိဖို့ စစ်ကောင်စီဟာ နိုင်ငံတော်အဆင့်စစ် ကြောင်းပြန်လည် ထိုးစစ်ဆင်ခဲ့ပါတယ်။
အဲဒီစစ်ကောင်စီ တပ်တွေနဲ့ KNU တော်လှန်ရေးပူးပေါင်းတပ်တွေဟာ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအပါအဝင် ဒေါနတောင်ခြေ တစ်ဝိုက်မှာ တိုက်ပွဲဖြစ်နေတာ နှစ်လခွဲခန့်ရှိပါပြီ။
ဒီလို တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် မြဝတီမြို့ကို ကြက်ဥတောင်လမ်း၊ ထို့ကော်ကိုးလမ်းနဲ့ ၁၀၁၈ လမ်းတွေကနေ ပြောင်းလဲသွား လာနေကြတာပါ။ ဒီရက်မတိုင်ခင်မှာ မေလ ၂၄ ရက်ကနေ ၂၆ ရက်နေ့အထိ မုန်တိုင်းတိုက်ခတ်ခဲ့တာကြောင့် နိုင်ငံတစ်ဝန်းမှာ မိုးရွာသွန်းခဲ့ပြီး ဒီတောင်ပေါ်တောလမ်းတွေဟာလည်း ဗွက်ထပြီး ရွံနွံတွေကြောင့် လမ်းတွေချောနေလို့ ခရီးစဉ်တွေ ရပ်နားခဲ့ရတာ တွေရှိ ပါတယ်။
ကျွန်တော်တို့ရဲ့ ကားဆရာကတော့ မြဝတီမြို့ကို ၁၈ လမ်း (၁၀၁၈) ကနေ သွားမယ်လို့ ဆိုပါတယ်။ သူဟာ အရင်ရက်က ထို့ကော်ကိုး လမ်းကနေ ပြန်လာတာဖြစ်တယ်လို့ ပြောပြပါတယ်။ ၁၈ လမ်းဆိုတာ ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ရာလမ်းကြောင်း တစ်ခု ဖြစ်ပါတယ်။
ဘားအံမြို့ကနေ ထွက်လာပြီး နာရီအနည်းငယ်ကြာတဲ့အခါမှာတော့ ထို့ကော့ကိုးဖြတ်လမ်းကနေ ကျွန်တော်တို့ကားဟာ လှိုင်းဘွဲ့ချောင်း ကို ဖြတ်ကူးဖို့ ဒေါ်လန်းလှေဆိပ်ကို ရောက်ပါတယ်။ အဲဒီမှာတော့ ကမ်းကူးဖို့ စောင့်နေတဲ့ ကားတွေ များတာကြောင့် နောက်ထပ် နာရီ အနည်းငယ်ထပ်စောင့်ခဲ့ရပါတယ်။ ဒေါ်လန်းလှေဆိပ်ကနေ လှိုင်းဘွဲ့မြို့နယ်ထဲကို ဖြတ်ပြီး ထို့ကော်ကိုးတောင်ခြေအထိ ခရီးဆက်ခဲ့ပါ တယ်။
ရွံဗွက်တောထဲရောက်ပြီ
******
နေ့လည် ၂ နာရီခွဲမှာတော့ ၁၀၁၈ တောင်တက်လမ်းအစ ဒေါနတောင်ခြေကို ရောက်ခဲ့ပါတယ်။ အဲဒီကနေတောလမ်းကနေ မြဝတီကို ခရီး ဆက်ဖို့ပါ။ ဒါပေမယ့် BGF တပ်ဖွဲ့တွေရဲ့ အရာရှိလမ်းကြောင်းတစ်ချို့ရှိနေတယ်ဆိုတာကြောင့် လမ်းပိတ်ထားပါတယ်။ အဲဒီမှာ ကျွန်တော်တို့လို တခြားခရီးသည်ကား အများအပြားကိုတွေ့ရပါတယ်။
BGF တပ်တွေက လမ်းဖွင့်ပေးရင် တခြားကားတွေနဲ့အပြိုင် လမ်းကိုလုမောင်းတက်ရမှာဖြစ်လို့ ကားနဲ့ဝေးဝေးမသွားကြဘဲ အဆင့်သင့် ရှိနေဖို့ ကားဆရာက ကျွန်တော်တို့ကို စကားပါးထားပါတယ်။ လမ်းအနီးက သစ်ပင်ရိပ်တစ်ခုကို သွားတဲ့အခါ ထိုင်းနိုင်ငံက စက်ရုံအလုပ် ရုံတွေမှာ အလုပ်သွားလုပ်ကြမဲ့ အညာသားတစ်ချို့ကိုတွေ့ပါတယ်။ သူတို့နဲ့စကားပြောဖြစ်တော့ သူတို့ဟာ ဒီတောင်ခြေကို နေ့လည် ၁၁ နာရီဝန်းကျင်ကတည်းက ရောက်ရှိနေကြတာဖြစ်ပြီး မနေ့က သူတို့လူတွေထဲက တစ်ချို့ဆိုရင် BGF ကားနဲ့ မြဝတီကို တက်သွားကြပြီလို့ ပြောပြပါတယ်။
ထိုင်းက စက်ရုံတွေမှာ အလုပ်ရဖို့ ကျပ်သိန်း ၃၀ ကုန်ကျတယ်လို့ ဆိုပါတယ်။ အလုပ်နဲ့စာရွက်စာတမ်းတွေရှိလားမေးကြည့်တော့ ပွဲစား တွေက အကုန်စီစဉ်ပေးထားတယ်လို့ သူကပြောပါတယ်။ ဒါကြောင့် ပွဲစားတွေကို ယုံရသလားလို့ မေးကြည့်ပြန်တော့ သူတို့ညီအကို တွေနဲ့ အရင်ကတည်းက ထိုင်းမှာ အလုပ်ရဖို့ ချိတ်ဆက်ပေးတဲ့ ပွဲစားတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုနဲ့ အဲဒီတောင်ခြေအောက်မှာ နောက်ထပ် သုံးနာရီကျော် စောင့်ဆိုင်းခဲ့ရပါတယ်။ ညနေ ၅ နာရီဝန်းကျင်မှာတော့ အဲဒီတောင်ခြေက BGF ဂိတ်မှာ မှတ်ပုံတင်တွေကို စာရင်းကောက်ယူပါတယ်။ ကောက်ယူပြီးတဲ့ ကားတွေကို BGF ရှေ့ပြေးကားနဲ့ လမ်းပြဦးဆောင်ခေါ်သွားတယ်။ ဒီတောင်ခြေကနေ ကားတွေကို လွတ်ပေးတာမျိုးမဟုတ်ဘဲ နောက်ပြန်လှည့်ပြီး ထို့ကော့ကိုး တောင်တက်လမ်းကို ရှေ့ပြေးကားနဲ့ လမ်းပြခေါ်ဆောင်သွားပါတယ်။
အဲဒီကနေတစ်ဆင့် မတ်စောက်လှတဲ့ တောင်တက်လမ်းကို နာရီအတော်ကြာကြာ တက်ပြီး ၁၀၁၈ တောလမ်းကို ပြန်ချိုးခဲ့ကြရတာပါ။ တောင်တက်လမ်းတွေဖြစ်တာကြောင့် လမ်းတွေကတော့ မြေကြီးမညီမညာတာ၊ မိုးရွာထားတဲ့အတွက် ရေစီးကြောင်းတွေကြောင့် စွတ်ကြောင်းကြီးတွေ၊ ချိုင့်ခွက်နက်ကြီးတွေက အထင်းသားပါ။ ဒါတွေကို ရှောင်ကွင်းပြီး ကားဆရာကတော့ မောင်းနှင်နေပါတယ်။
တော်တော်ကြာတဲ့အခါ တောင်ပေါ်လမ်းကို တက်လာပြီး ဖုန်းလိုင်းတွေ မမိတော့ပါဘူး။ အဲဒီလို လိုင်းပျက်တဲ့နေရာပဲ ကုန်တင်ကားကြီး တွေ နွံနစ်နေတာ တွေ့ရပါတယ်။ တစ်ချို့နေရာတွေမှာဆိုရင် ယဉ်တိုက်မှုဖြစ်ထားတဲ့ကားလေး၊ မီးလောင်ကျွမ်းထားတဲ့ကား၊ ထွန်စက်၊ ဘူဒိုဇာ၊ ဘတ်ဟိုးစတဲ့ လမ်းပြင်ယန္တရားစက်ကြီးတွေကို တွေ့ရပါတယ်။
မိုးအနည်းငယ်ချုပ်လာပြီး တရွေ့ရွေ့မောင်းလာတဲ့အခါ တစ်နေရာမှာကတော့ ကုန်တင်ကားကြီး နှစ်စင်း မျက်နှာချင်းဆိုင် ဗွက်ကျွံနေတာ လှမ်းတွေ့ရပါတယ်။ သူတို့နှစ်စီးကြားမှာ ကားလေးတစ်စီးအကျယ်သာရှိပါတယ်။ အဲဒီကနေပဲ ကျွန်တော်တို့ကားဟာ မောင်းထွက်ခဲ့ရပါ တယ်။ ကားဆရာရဲ့အဆိုအရ ဒီကုန်တင်ကားကြီးနှစ်စင်းပိတ်မိနေတာဟာ တစ်ပတ်နီးပါးရှိနေပြီလို့ သိရပါတယ်။
ကားလမ်းတစ်ခုလုံးဟာလည်း မြေကြီးရွံ့နွံတွေအပြည့်ပါပဲ။ အဲဒီနေရာမှာ ရှိနေတဲ့ ကားသမားတွေကို ရေဗူးနဲ့ မုန့်တွေတစ်ချို့ ပေးလိုက် တဲ့အခါ ကျေးဇူးတင်တဲ့အကြောင်းအခါအခါပြောကြပါတယ်။ ကျွန်တော်တို့ကားပေါ်က မိန်းကလေးတစ်ယောက်က သူတို့တွေ ဒီ လောက်အကြာကြီး ဒီတောလမ်းမှာ နေနိုင်ပါ့မလားလို့ ကားဆရာကိုမေးကြည့်တဲ့အခါ သူက “သူတို့လည်း နေနိုင်သလောက်၊ ရိက္ခာရှိသ လောက်တော့ နေကြမှာပေ့ါ၊ စားစရာမရှိတဲ့အခါ ကားတွေထားပြီး ပြန်ကြမှာ” လို့ ဆိုပါတယ်။
ထူထဲတဲ့ ရွံ့နွံတွေကိုကြည့်ပြီး “မိုးရွာရင်တော့ သွားဖို့ မလွယ်ဘူး” ဆိုတဲ့ စကားကို ကားထဲကခရီးသည်တွေက အကြိမ်ကြိမ်ရေ ရွတ်နေ ကြရပါတယ်။ တောင်တက်၊ တောင်ဆင်း၊ မြွေလိမ်မြွေကောက် ရွံ့ညွှန်လမ်းတွေကို ဖြတ်ကျော်ခဲ့ပြီးတော့ BGF တပ်ရင်း ၁၀၁၈ ရှိတဲ့ ဂိတ်လမ်းထဲကိုရောက်ကြပါတယ်။
ဖြတ်လာခဲ့တဲ့ လမ်းခရီးတစ်လျှောက်မှာလည်း BGF စစ်ဆေးရေးဂိတ်တိုင်းကိုလည်း ၂,၀၀၀ ကျပ်စလို့ ၇,၀၀၀ ကျပ်အထိ ပေးခဲ့ရပါ တယ်။ ကျွန်တော်တို့ကားဆရာဆိုရင် ရန်ကုန်မြို့လိုင်းကားပေါ် က ကားစပယ်ရာလို လက်ထဲပိုက်ဆံ အထပ်လိုက်ညှပ်ပြီး ကားမောင်းလာ ခဲ့ရတာပါ။
၁၀၁၈ တပ်က BGF စစ်သားတစ်ဦးက ကျွန်တော်တို့ကားကို စစ်ဆေးရင်း ကားဆရာကို “ကျွန်တော်တို့ရှေ့ရောက်မှ ခရီးသည်တွေဆီက ပိုက်ဆံမကောက်နဲ့၊ အကိုတို့ဘာသာ အောက်မှာ တစ်ခါတည်းရှင်းခဲ့၊ အဲလိုမှမဟုတ်ဘူးဆိုရင် အရေးယူမယ်” လို့ ပြောပါတယ်။ ကျွန် တော်တို့ကားဆရာက လည်း ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်နေပါတယ်။ ပြီးတော့ ခရီးသည် ၇ ယောက်ဆိုတော့ ၇,၀၀၀ ကျပ်ဆိုပြီး တောင်းယူသွားပါတယ်။
အဲဒီနောက် နောက်ထပ် BGF စစ်သားတစ်ဦးက ဒီကားမှာ တရုတ်တွေပါသေးလားဆိုပြီး ကျွန်တော်တို့မှတ်ပုံတင်တွေကို ယူကြည့်ပြီး “ဗမာတွေ ချည်းပဲပါလား” ဆိုပြီး ငြီးတွားပါတယ်။ သိပ်မကြာခင်မှာ နောက်ထပ် BGF စစ်သားတစ်ဦးက သူ့နောက်ကနေ အပြေးသွားပြီး တရုတ် ငါးယောက်ပါတယ် ငါးသောင်း” ဆိုပြီး လှမ်းပြောသွားပါတယ်။
ဒီလိုနဲ့ ကျွန်တော်တို့ ကားထွက်လာတော့ စစ်ဆေးရေးဂိတ်တွေကလည်း ရှေ့ကနေ ဆီးကြိုပြီး ပိုက်ဆံ ၁,၀၀၀၊ ၂,၀၀၀ ကျပ်ဆိုပြီး တောင်းယူကြပါတယ်။ ည ၉ နာရီဝန်းကျင်မှာတော့ ကျွန်တော်ကားဟာ မြဝတီမြို့ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ မိုးချုပ်နေပြီဖြစ်လို့ မြဝတီမြို့ရဲ့ အလှကိုတော့ အလင်းရောင်ကွက်တိ ကွက်ကျားအောက်မှာ မပီမသတွေ့ရပါတယ်။
ဒီလိုနဲ့ ကျွန်တော်ရဲ့ ရန်ကုန်-မြဝတီ နှစ်ညခရီးစဉ်ဟာ ပြီးဆုံးခဲ့ပါတယ်။