မေ့လျော့ခံထားရတဲ့ ပလောတပို့စစ်ရှောင်တွေ
*******
ယမင်းဖူးပွင့်အောင်
မေ ၃၁၊ ၂၀၂၄။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကစပြီး မြန်မာစစ်တပ် အာဏာသိမ်းခဲ့တာ အခုဆိုရင် ၃ နှစ်ကျော် ကာလအတွင်းရောက်ရှိနေပါပြီ။
အာဏာသိမ်းကာလအစောပိုင်းမှာကတည်းက ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ စစ် ကောင်စီဟာ နိုင်ငံအနှံ့အပြားမှာလည်း စစ်ကြောင်းထိုးမီးရှို့မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။
တစ်ချိန်က လွတ်မြောက်နယ်မြေတစ်နေရာဖြစ်ခဲ့တဲ့ လေးကေ့ကော်မြို့လေးမှာ ပြည်သူအများအပြားတိမ်း ရှောင်နေကြရာကနေ အဲဒီမြို့လေးအထိ စစ်မီးကူးစက်လာတဲ့အခါမှာတော့ ထပ်မံရွှေ့ပြောင်းနေထိုင်ရပါတယ်။
ထိုင်း – မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးက ပလောတပို့၊ ကျောက်ခက်၊ သေ့ဘောဘိုး၊ ဥကရစ်ထနဲ့ လော့ခေါ် စတဲ့နေရာ ၅ ခုမှာ စစ်ရှောင်စခန်းတွေတည်ဆောက်ထားတာ ၃နှစ်နီးပါးရှိနေပါပြီ။
ကာလကြာရှည်လာတာနဲ့အမျှ စစ်ဘေးရှောင်တွေလည်း ပိုမိုများပြားလာတာကြောင့် အစောပိုင်းကာလ ကတည်းကရှိနေတဲ့ စစ်ရှောင်စခန်းတွေအပေါ် အလှူရှင်တွေစိတ်ဝင်စားမှုလျော့နည်းလာပြီး အခက်အခဲတွေရှိလာတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေဆီကနေ သိရပါတယ်။
လော့ခေါ်စစ်ဘေးရှောင်စခန်းတာဝန်ခံ ဆရာမအယ်ဝါးက “အဓိက အစားအသောက်ပဲ။ နေထိုင်တာ ကတော့ ကြည့်နေကြည့်လုပ်လို့ရတယ်။ အစားအသောက်ကျတော့ အဆင်မပြေဘူး။ အခုကတော့ စတည်ထောင်တဲ့အခြေအနေနဲ့ တအားကွာတယ်။ အခုက အရေးပေါ် စစ်ဘေးရှောင်တွေပဲ ဦးစားပေးတယ်ဆိုတော့ ကျွန်မတို့လည်း ပြေးဖို့မြေလည်းမရှိတော့ဘူး။ ဝယ်စားဖို့လည်း ပိုက်ဆံမရှိဘူး။ အလုပ်လုပ်ဖို့လည်း အဆင်မပြေဘူး” လို့ပြောပါတယ်။
စစ်ကောင်စီက အသက်ပြည့်ပြီးသူနိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် မြို့ပေါ်ကလူငယ်တွေလည်း လာရောက်ခိုလှုံနေကြပြီး လော့ခေါ်စစ်ရှောင်စခန်းမှာ မိသားစုပေါင်း ၂၁၆ စု၊ လူဦးရေပေါင်း ၈၇၁ ယောက်ရှိတယ်လို့ သိရပါတယ်။
စစ်ရှောင်စခန်းတွေမှာ အလှူရှင်တွေကိုအားမကိုးဘဲ ကိုယ်ထူကိုယ်ထလုပ်ကိုင်စားသောက်ဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း နည်းပါးပါတယ်။
ကိုယ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးတွေလုပ်ကိုင်ဖို့ မြေနေရာတွေလည်း ငှားရမ်းဖို့လိုအပ်တာကြောင့် လတ်တလောမှာ အများကြီးအကောင်အထည်မဖော်နိုင်သေးတဲ့အခြေအနေပါ။
တစ်နှစ်ထက်တစ်နှစ်မြင့်တက်လာတဲ့ နွေရာသီကာလအပူချိန်ကိုအံတုရင်း ဝါးအိမ်၊ သက်ကယ်အိမ်လေးတွေနဲ့ ထန်းရွက်သာမိုးကာထားတဲ့ယာယီတဲတွေအောက်မှာ စစ်ဘေးရှောင်တွေနေထိုင်ကြရပါတယ်။
ဒီအပူချိန်ကိုမမှုနိုင်လောက်အောင် သူတို့ရဲ့ရင်ထဲမှာ ပြင်းထန်တဲ့အပူမီးကိုယ်စီလည်းရှိလို့နေပါတယ်။
ပလောတပို့စစ်ဘေးရှောင်စခန်းက သားနှစ်ယောက်ရဲ့မိခင်ဖြစ်သူ မဖြိုးရတနာဝင်းကတော့ မွေးရာပါ နှလုံးအပေါက်ပါလာတဲ့ ကျန်းမာရေးမကောင်းတဲ့သားငယ်လေးကိုကြည့်ရင်း သားလေးကိုယ်စား ဝေဒနာတွေကို ခံစားပေးချင်တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်ကုန်ပိုင်းလေးကေ့ကော်ဒေသတိုက်ပွဲတွေပြင်းထန်ချိန်ကစလို့ လက်နက်ကြီးလက်နက်ငယ် ပစ် ခတ်မှုတွေကြား ၂ လသားအရွယ်သားအကြီးကိုပိုက်လို့ မဖြိုးရတနာဝင်းက နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပါတယ်။
အသက် ၁ နှစ်ခွဲသာရှိသေးတဲ့ သားငယ်လေးရဲ့ရောဂါက ကုသရင်ပျောက်ကင်းနိုင်ပြီး လာမယ့် ၇ လ ပိုင်းဆိုရင် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို လာရောက်ခွဲစိတ်ရတော့မှာပါ။
ဒါပေမယ့် ဧပြီလကဖြစ်ပွားခဲ့တဲ့ မြဝတီမြို့အနီးကတိုက်ပွဲတွေကြောင့် အမျိုးသားဖြစ်သူလုပ်ကိုင်နေတဲ့ တောင်ယာလုပ်ငန်းတွေရပ်နားထားရပြီး ကုသဖို့လိုအပ်တဲ့ငွေကြေးပမာဏပြည့်မီဖို့ လိုအပ်နေသေးတယ်လို့ မဖြိုးရတနာဝင်းက ပြောပါတယ်။
“ကလေးတွေအတွက်ပဲ ပူရတယ်။ အဖေ အမေက ဖြစ်သလိုစားလိုက်လို့ရတယ်။ အရင်က သား၊ ငါး လာဝေ တော့ ပူစရာမလိုဘူးလေ။ အခုက အလုံးကြီးတွေလည်းပစ်တော့ အလုပ်က ဘယ်သူမှ မခေါ်ချင်ကြဘူး။ ၇ လပိုင်းသွားဖို့ အခက်အခဲတွေ အများကြီးဖြစ်သွားတာပေါ့။ ဒီရောဂါကြီး ကလေးကိုလည်းမဖြစ်စေချင်ဘူး။ ပိုက်ဆံကလည်းမရှိဘူး။ စိတ်ဓာတ်ကျတယ်” လို့ပြောပါတယ်။
ကလေးကိုမွေးစားဖို့ လာရောက်တောင်းယူသူတွေရှိပေမယ့် ကြုံလာသမျှအခက်အခဲတွေကိုရင်ဆိုင်ပြီး ဆေး ကုသပေးဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ သူမက ဆက်ပြောပါတယ်။
သူတို့ခိုလှုံရာစစ်ရှောင်စခန်းက သောင်ရင်းမြစ်ကမ်းဘေးတည်ရှိပြီး ပြောင်းခင်းတွေကြားက ကွင်းပြင်ကြီး လို့အဓိပ္ပာယ်ရတဲ့ ပလောတပို့စစ်ရှောင်စခန်းဖြစ်ပါတယ်။
လေးကေ့ကော်စစ်ဘေးရှောင်တွေအတွက်လို့ရည်ရွယ်ပြီး ပလောတပို့စစ်ဘေးရှောင်စခန်းကို သောင်ရင်း မြစ်ကမ်းနံဘေး မြန်မာနိုင်ငံဘက်ခြမ်းမှာ စတင်တည်ဆောက်ခဲ့ပါတယ်။ အာဏာသိမ်းကာလ ၃ နှစ်ကျော်မှာတော့ ပလောတပို့စစ်ရှောင်စခန်းရဲ့ သက်တမ်းကလည်း ၃နှစ်အထိရှိခဲ့ပါပြီ။
သူတို့ခိုနားနေရာ ပလောတပို့စစ်ရှောင်စခန်းတစ်ခုထဲမှာတင် အိမ်ထောင်စု ၅၆၇ စုနဲ့ လူဦးရေ ၁,၉၂၁ ဦး အထိ ရှိပါတယ်။
တစ်ချိန်က လွတ်မြောက်နယ်မြေတစ်နေရာဖြစ်ခဲ့တဲ့ လေးကေ့ကော်မြို့လေးမှာ ပြည်သူအများအပြားတိမ်း ရှောင်နေကြရာကနေ အဲဒီမြို့လေးအထိ စစ်မီးကူးစက်လာတဲ့အခါမှာတော့ ထပ်မံရွှေ့ပြောင်းနေထိုင်ကြရတာပါ။
စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကြောင့် နေ ရပ်စွန့်ခွာတိမ်းရှောင်ရသူတွေလည်း တစတစများပြားလာပါတယ်။
အများစုကတော့ ရရာအလုပ်လုပ်ကိုင်ဖို့ဆုံးဖြတ်ထားကြပေမယ့် အလုပ်အကိုင်အခွင့်အလမ်းက မရှိသ လောက်အခြေအနေလိုဖြစ်နေတယ်လို့ ပလောတပို့စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူတစ်ဦးဖြစ်တဲ့ ကိုအောင်အောင် ကပြောပါတယ်။
“တောင်ယာပဲလုပ်စားတယ်။ မိုးတွင်းဆိုရင်အလုပ်ပေါတယ်။ ခုလိုအချိန်ဆိုရင်တော့ အလုပ်မရှိဘူး။ တရုတ် ဆိုက်တွေက နေ့စားတွေဘာတွေခေါ်ရင်တော့သွားကြတယ်။ ပြောင်းစိုက်တယ်။ ပဲရိတ်ရတယ်။ ပြီးလို့ရှိရင်တော့ မရှိတော့ဘူး။ အခက်အခဲကတော့ မရှိဆင်းရဲသားတွေပဲပေါ့” လို့ဆိုပါတယ်။
ကိုအောင်အောင်မှာ ပိုလီယိုရောဂါခံစားနေရတဲ့ ဇနီးဖြစ်သူနဲ့ သားတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ ဒီစစ်ရှောင်စခန်းလေးမှာပဲ ဇနီးဖြစ်သူ မဖြူစင်မိုးနဲ့ဖူးစာဆုံခဲ့ကြပြီး ကလေးချစ်တတ်တဲ့ဇနီးသည်ကြောင့် သားလေး ၁ ဦး မွေးဖွားဖြစ်ခဲ့ကြတာပါ။
ဇနီးသည်ရဲ့ကျန်းမာရေးကြောင့် သားလေးကိုလည်း ကြာကြာချီပိုးမထားနိုင်သလို အိမ်အလုပ်တချို့ကိုလည်း ကူညီဆောင်ရွက်ပေးရပြီး တစ်ဖက်မှာလည်း မိသားစုရပ်တည်ရေးအတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေအတွင်းက လေးကေ့ကော်ဒေသနဲ့ ကော့ကရိတ်၊ ဝေါလေ တိုက်ပွဲတွေကြားမှာ စစ်ရှောင်ပြည်သူသောင်းနဲ့ချီရှိပါတယ်။
ကရင်အမျိုးသားအစည်းအရုံးရဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီထုတ်ပြန်ချက်မှာတော့ ကရင်ပြည်နယ်အတွင်း ဒေသ ခံ ၇ သိန်းကျော် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရတယ်လို့ဖော်ပြထားပါတယ်။
ထိခိုက်လွယ်အုပ်စုဖြစ်တဲ့ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ မသန်စွမ်းသူတွေနဲ့ အသက်အရွယ် ကြီးမြင့်သူအရေအတွက်ဟာ စစ်ရှောင်အရေအတွက်စုစုပေါင်းရဲ့ ထက်ဝက်ကျော်ရှိနေတာပါ။
ဒီအရေအတွက်ဟာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ဝန်းကျင်ကတည်းက ထိုင်းဘက်ခြမ်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေ မှာခိုလှုံနေရသူစာရင်းတွေ မပါဝင်သေးပါဘူး။
ဘဝတလျှောက်လုံး အေးအေးဆေးဆေးနေထိုင်လာခဲ့ပြီး အသက် ၇၀ ကျော်မှ အဝတ်တစ်ထည် ကိုယ်တစ် ခုနဲ့ စစ်ဘေးရှောင်လာခဲ့ရတယ်လို့ ပလောတပို့စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ ဒေါ်ငြိမ်းတင်က ဆိုပါတယ်။
“ဒီအသက်အရွယ်ကျမှ ဒီလိုပြေးရတာ တစ်ခါမှ မကြားဖူးပါဘူး။ ခုမှမြင်ဖူးကြားဖူးတယ်။ ဒုက္ခတော်တော် ဖြစ်တယ်။ အခုပစ်တာဝေးတော့ မကြောက်တော့ဘူး။ နီးနီးကပ်ကပ်တောင် ကိုယ်က မကြောက်တော့ဘူး။ နောက်လည်းမကြောက်တော့ဘူး။ ယဉ်သွားပြီလေ။ ကိုယ်ဆုံးရှုံးတာများတော့ ဘာမှမပြောချင်တော့ပါဘူး။ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ” လို့ပြောပါတယ်။
ဒေါ်ငြိမ်းတင်က အမျိုးသားဖြစ်သူနဲ့အတူ စစ်ဘေးရှောင်လာခဲ့ပေမယ့် အမျိုးသားက လမ်းမှာပဲ နှလုံးရောဂါ နဲ့ ကွယ်လွန်သွားခဲ့တာကြောင့် လက်ရှိမှာ သူမတစ်ဦးတည်းခိုလှုံနေထိုင်နေရတာဖြစ်ပါတယ်။
ပလောတပို့စစ်ရှောင်စခန်းရဲ့တာဝန်ခံဖြစ်တဲ့ ဆရာမနော်ဖောလွဲကတော့ စခန်းစတင်တဲ့အချိန်တုန်းက အလှူရှင်တွေများပေမယ့် နောက်ပိုင်းနှစ်ကြာလာတဲ့ အချိန်မှာတော့ လှူဒါန်းမှုတွေ ပြတ်တောက်သွားတယ် လို့ ပြောပါတယ်။
အခုနှစ်မတ်လပိုင်းမှာတော့ ကရင်ပြည်နယ်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေထပ်များလာပြီး အလှူ ရှင်တွေ ပြန်များလာတယ်ဆိုပေမယ့် စစ်ဘေးရှောင်တွေများလာတဲ့အတွက် အကုန်လုံးလုံလောက်အောင် ဝေမျှနိုင်ဖို့တော့ အခက်အခဲရှိနေဆဲဖြစ်ပါတယ်။
လိုအပ်ချက်တွေကို အလုံးစုံဖြည့်ဆည်းပေးဖို့မတတ်နိုင်ပေမယ့် လူဦးရေများတဲ့မိသားစုနဲ့ ကျောထောက် နောက်မခံမရှိသလို အလုပ်မလုပ်နိုင်တဲ့သက်ကြီးရွယ်အိုတွေအတွက် ဦးစားပေးဆောင်ရွက်ပေးရတယ်လို့ ဆရာမနော်ဖောလွဲကပြောပါတယ်။
“ကျွန်မတို့ ဒီကမ့်မှာ အဓိကဦးစားပေးတာက ကျောထောက်နောက်ခံမရှိတဲ့သူတွေနဲ့ လူဦးရေအများကြီးရှိ တဲ့ ကလေးတွေအများကြီးရှိတဲ့မိသားစုတွေ။ ကျောထောက်နောက်ခံမရှိတဲ့လူကြီးတွေ။ တချို့ဆို တစ် ယောက်ထဲနေတယ်။ မြေးလေးနဲ့နှစ်ယောက်ထဲနေတယ်။ အဲလိုလူတွေဆိုရင် တဲလိုအပ်မယ်ဆိုရင် ဦးစား ပေးဆောင်ရွက်ပေးတယ်။ နောက်တစ်ခု အလှူငွေတွေရလာမယ်ဆိုရင် အများကြီးတော့ မတတ်နိုင်ဘူး။ ၅,၀၀၀ ဖြစ်ဖြစ် ၁၀,၀၀၀ ဖြစ်ဖြစ် သူတို့ကိုမျှပြီးတော့ ဖြေရှင်းပေးတယ်”လို့ပြောပါတယ်။
ပလောတပို့စစ်ရှောင်စခန်းကို စတင်တည်ထောင်စဥ်က အိမ်ထောင်စု ၂၇၄ စုနဲ့ လူဦးရေ ၉၂၂ ယောက် သာရှိပါတယ်။ စခန်းတည်ထောင်ပြီး နှစ်နှစ်ခွဲလောက်အကြာ အခုအချိန်မှာတော့ စစ်ဘေးရှောင်ဦးရေ ထက်ဝက်ခန့်တိုးလာပြီး အိမ်ထောင်စု ၅၆၇ စုနဲ့ လူဦးရေ ၁,၉၂၁ ဦးထိရှိပါတယ်။
နွေရာသီမှာ တောင်ယာအလုပ်တွေပါးတာကြောင့် စားဝတ်နေရေးကြပ်တည်းသလို မိုးဦးကာလ မိုးကျလာ တဲ့အခါမှာလည်း စစ်ရှောင်ပြည်သူတွေရဲ့ ရင်ထဲမအေးမြနိုင်သေးပါဘူး။
စစ်ဘေးရှောင်ပြည်သူတွေဟာ မကြာခင် လုံးလုံးလျားလျားဝင်ရောက်လာတော့မယ့် မိုးရာသီအတွက် နေအိမ်တွေ ပြုပြင်ဖာထေးဖို့ကိုလည်း မဖြစ်မနေပူပန်ဖို့ လိုအပ်လာပါတယ်။
စစ်ရှောင်ကာလကြာလာတာနဲ့အမျှ စစ်ရှောင်စခန်းတွေမှာ အဆင်ပြေအောင်နေထိုင်ရင်း အသားကျလာပြီ ဆိုပေမယ့် ကိုယ့်အိမ်ကိုယ့်ယာကို လွမ်းဆွတ်သတိရတဲ့စိတ်တွေကတော့ ပြည့်နှက်နေကြဆဲပါ။
ဒါပေမယ့်လည်း တဖြည်းဖြည်းကျယ်ပြန့်လာတဲ့စစ်မီးတွေကြောင့် စစ်ရှောင်အရေအတွက်သာပိုလို့တိုးလာ ပြီး သူတို့ရဲ့ အိမ်ပြန်ချင်တဲ့မျှော်လင့်ချက် စိတ်ဆန္ဒတွေကတော့ ဝေဝါးနေဆဲဖြစ်ပါတယ်။