ကားလမ်းများပိတ်ထားသည့်အတွက် ပူတာအိုတွင် ကုန်စျေးနှုန်းအဆမတန်တက်
******
ထွယ်
မေ ၃၀၊ ၂၀၂၄။
မြစ်ကြီးနား – ပူတာအို ကားလမ်းမကြီးပိတ်ထားပြီး ၃ လခန့်အကြာတွင် ပူတာအိုမြို့နယ်နှင့် နောင်မွန်မြို့နယ်တို့တွင် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်နှင့် စားသုံးဆီအပါအဝင် ဓာတ်ဆီများ ပြတ်လပ်လျက်ရှိသည်ဟု ပူတာအိုဒေသခံများထံက သိရသည်။
ကချင်ပြည်နယ်မြောက်ပိုင်း မြစ်ကြီးနားမြို့နှင့် ၂၁၈ မိုင်ခန့်အကွာတွင်ရှိသည့် ပူတာအိုမြို့တွင် ယခုအချိန်တွင် ဆန်ဈေးနှုန်းသည် ယခင်ကထက် ၄ ဆခန့် မြင့်တက်နေပြီး ဒေသခံပြည်သူများပင် ယခင်ကထက် ထမင်းလျော့စားနေရသည်ဟု ပူတာအိုမြို့တွင်နေထိုင်သည့် အမျိုး သမီး ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ဆန်ဝယ်ရခက်တော့ ထမင်းလျော့စားတဲ့သူတွေလည်း ရှိတယ်။ ကျွန်မတို့မိသားစုတော့ အရင်က ၃ ဗူးချက်ရင် အခုဆို ၂ ဗူးခွဲပဲ ချက်စားတော့တာ။ ကျောင်း ဆင်းပွဲတွေဆိုရင် အရင်က ထမင်းဟင်းပွဲတည်ကျွေးခဲ့ပေမယ့် အခုဆို မကျွေးနိုင်တော့ဘူး။ ဒံပေါက်တစ်ထုပ်စီပေးလိုက်တာမျိုး ဆန်ပြုတ်ကျွေးတာမျိုးတွေပဲ လုပ်တော့တာ” ဟု ပြောသည်။
ပူတာအိုဒေသခံများသည် ကားလမ်းများပိတ်ထားသဖြင့် ဒေသထွက်ဆန်ကိုမှီခိုနေရပြီး နို့ဆီဗူး ခွက် ၅ ခွက်လျှင် ၁၀,၀၀၀ ကျပ်ဖြင့် ဝယ်ယူရပြီး တစ်အိတ်လျှင် ၃၀၀,၀၀၀ ကျပ်စျေးပေါက်သည်ဟု အဆိုပါဒေသခံ အမျိုးသမီးက ပြောသည်။
ထို့ပြင် ဆန်ကုန်သည်များသည် ဆန်ကို မြစ်ကြီးနားမြို့မှ လေယာဉ်ဖြင့် သယ်ယူပို့ဆောင်ရောင်းချနေရသဖြင့် ယခင် ဆန်တစ်အိတ် ၇၀,၀၀၀ ကျပ်တန်ကို ၇၀၀,၀၀၀ ကျပ်ဖြင့်ရောင်းချနေရပြီး ဒေသထွက်ဆန်ကုန်လျှင် ထိုဆန်များကို ဝယ်ယူစားသောက်ရမည်ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
မြစ်ကြီးနား – ပူတာအို ကားလမ်းပိတ်ထားသဖြင့် ပူတာအိုတွင် ဆန်ဈေးအပြင် ဓာတ်ဆီဈေးများလည်း မြင့်တက်နေပြီး ဆီရရှိရင်ပင် ခက်ခဲလျက်ရှိသည်။
ဓာတ်ဆီတစ်လီတာလျင် အနည်းဆုံး ၆၀,၀၀၀ ကျပ်ကနေ ၁၉၀,၀၀၀ ကျပ်ထိ ဈေးနှုန်းမြင့်တက်လျက်ရှိသည်ဟု ပူတာအိုဒေသခံ အမျိုးသား ၁ ဦးက ပြောသည်။
၎င်းက “ဓာတ်ဆီဆိုင်တွေက ပိတ်ပြီ။ တစ်ဆိုင်မှ မဖွင့်တော့ဘူး။ ဓာတ်ဆီက အရင်လှောင်ထားတဲ့သူတွေနဲ့ သိုထားတဲ့သူတွေက ရောင်းတာ။ တချို့ကတော့လည်း အဲ့ ဆီဆိုင်ကအကျန်တွေကို မှောင်ခိုယူပြီး ပိုက်ဆံရှိတဲ့သူတွေကတဆင့် ပြန်ရောင်းတယ်လို့ကြားတယ်” ဟုပြောသည်။
ကားလမ်းပိတ်ဆို့မှုကြောင့် ပူတာအိုမြို့နယ်အပြင် မြန်မာနိုင်ငံ မြောက်ဘက်စွန်းတွင်တည်ရှိပြီး ပူတာအိုမြို့မှ အထက်ဘက် ၅၈ မိုင်ခန့်အကွာတွင်ရှိသည့် မလိခမြစ်ဖျားတည်ရှိရာ နောင်မွန်းမြို့နယ်တွင်လည်း ဒေသခံများ တောင်ယာလုပ်ကိုင်ရန်ပင် ခက်ခဲလျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
ဒေသခံများသည် တောင်ယာလုပ်ကိုင်ရန် ဒီဇယ်ဆီမရှိသဖြင့် စက်နေရာတွင် လူနှင့် ကျွဲ၊ နွားများဖြင့် လုပ်ကိုင်နေရသည်ဟု နောင်မွန်းမြို့နယ်၊ ကွမ်လင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသား ၁ ဦးက သံလွင်ခက်ကို ပြော သည်။
၎င်းက “လယ်လုပ်တာကို လူနဲ့ဆွဲနေရတာ။ ကျွဲ၊ နွားရှိတဲ့သူတော့ ကျွဲ၊ နွားနဲ့ပေါ့။ မရှိတဲ့သူတော့ လူနဲ့ဆွဲနေရတာ။ အဓိကတော့ ထွန်စက်နဲ့ဆွဲဖို့ ဒီဇယ်မရှိလို့ လူနဲ့ ဆွဲနေရတာပါ။ အရင်တုန်းကလို ပြန်ဖြစ်နေတာပဲ” ဟု ပြော သည်။
နောင်မွန်းမြို့နယ်တွင် ဆန်နှင့် ဓာတ်ဆီ၊ ဒီဇယ်ဆီများ ပြတ်လပ်နေသည့်အပြင် ဆားနှင့် စားသုံးဆီ ဝယ်ယူရရှိရန်ပင် ခက်ခဲလျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
“လမ်းပိတ်ပြီးနောက်ပိုင်း ဆိုးဆိုးရွားရွားဈေးတက်ကုန်တယ်။ ကုန်ကားတွေလည်း မတက်ကြတော့ဘူးလေ။ ဒေသဆန်တွေလည်း ရောင်းဖို့မရှိတော့ဘူး။ ရှိတာကို ချွေတာစားနေရတာ။ စားဆီက ရောင်းကို မရောင်းတော့ဘူး။ မြို့ဘက်ရှိလားမသိ။ တချို့ဈေးမှာဆို ရှိကို မရှိတော့တာ” ဟုပြောသည်။
ယခင် ဆားတစ်ထုပ်လျင် ၁,၀၀၀ ကျပ်ဖြင့် ပေးဝယ်စားရသော်လည်း ယခုအချိန်တွင် ဆားတစ်ထုပ်လျှင် ၅,၀၀၀ ကျပ်ဖြင့်ဝယ်ယူစားသောက်နေကြရသည်။
ထို့အပြင် စားသုံးဆီ ၄၀ ကျပ်သားလျှင် ၁,၅၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်ဖြင့် ဝယ်ယူစားသုံးနေရသည်ဟု နောင်မွန်းမြို့နယ်ဒေသခံ အမျိုးသားက ပြောသည်။
ယခင် ကြက်ဥ ၃ လုံးလျှင် ၁,၀၀၀ ကျပ်မှ ကြက်ဥ ၃ လုံးလျှင် ၅,၀၀၀ ကျပ်ဖြင့် ဝယ်ယူစားသောက်နေရသည်ဟု လည်း ဒေသခံများထံက သည်။
မြစ်ကြီးနားမြို့မြောက်ဘက် ၁၂၈ မိုင်အကွာတွင်တည်ရှိသည့် ဆွမ်ပရာဘွမ်မြို့တွင် ယခုနှစ် မတ်လလဆန်းပိုင်းကတည်း ကချင်လွတ်လပ်ရေးတပ်မတော် – KIA ပူး ပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲဖြစ်ပွားနေသဖြင့် မြစ်ကြီးနား – ပူတာအိုကားလမ်းကို
ပိတ်ပင်ထားခဲ့သည်။
ယခုအချိန်တွင် ဆွမ်ပရာဘွမ်မြို့ကို KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်သော်လည်း မြို့၏ မြောက်ဘက် ၃၈ မိုင်အကွာရှိ ဆွမ်ပီယန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားဖြည့်တပ်စွဲထားဆဲဖြစ်ပြီး ကားလမ်း များကိုလည်း ပိတ်ဆို့ထားဆဲဖြစ်သည်ဟုလည်း ရှေ့တန်းကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ပုံစာ – လူဖြင့် တောင်ယာလုပ်ကိုင်နေကြသည့် နောင်မွန်းမြို့နယ် ဒေသခံများ။