စစ်တွေ၊ ဗျိုင်းဖြူကျေးရွာက ကျေးရွာသားအားလုံးကို စစ်ကောင်စီတပ်ဖမ်းဆီး
******
ခင်သရဖီဦး
မေ ၃၀၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာက ကလေးသူငယ်၊ အမျိူးသမီး၊ အမျိုးသားနှင့် သက်ကြီးရွယ်အိုအပါအဝင် ကျေးရွာသား ၁၀၀ ကျော်ခန့်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ မေလ ၂၉ ရက် နေ့လယ် ၂ နာရီကျော် ခန့်တွင် ဖမ်းဆီးသွားသည်ဟု ဒေသခံများထံကသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့်က လက်နက်အပြည့်အစုံဖြင့် ကျေးရွာအတွင်းသို့ဝင်ရောက်လာပြီး ရွာတွင်ကျန်ရှိနေသည့်လူများအား ရွာဘုန်းတော်ကြီးကျောင်းတွင်စုပြီး ဖမ်းဆီးရိုက်နှက်နေသည်ဟု ဗျိုင်းဖြူရွာ ကအမျိုးသမီး ၁ ဦးကဆိုသည်။
၎င်းက ” ဘုန်းတော်ကြီးကျောင်းခြံဝင်းမှာ ယောကျာ်းတွေအကုန်လုံးကို ဒူးထောက်ခိုင်းထားတယ်။ နောက်ပြီး ရိုက်တယ်လို့သိရတယ်။ အဖမ်းခံရတဲ့အထဲမှာ ကလေးတွေရော သက်ကြီးရွယ်အိုတွေရော အကုန်လုံးပါတယ်”ဟု ဆိုသည်။
လက်ရှိတွင် ဗျိုင်းဖြူရွာနှင့် ဖုန်းအဆက်အသွယ်မရသည့်အတွက် စိုးရိမ်နေရသည်ဟု စစ်တွေဒေသခံ ၁ ဦးကဆိုသည်။
၎င်းက “မနေ့ကတည်းက တစ်ယောက်ကိုပစ်သတ်သွားတယ်လို့ သိရတယ်။ အခုထိတော့ ကျန်တာမသိရသေးဘူး” ဟု ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့တွင်လည်း ဘုန်းကြီးကျောင်းနှင့် နေအိမ်များကိုဝင်ရောက်ပြီး ဖမ်းဆီးမှုများရှိနေသည်ဟုဒေသခံများထံက သိရသည်။
“ပြီးခဲ့တဲ့ မေလ ၁၄၊ ၁၅ လောက်ကတည်းက မြို့ထဲကို ညအချိန်ဝင်စစ်တာရှိတယ်။ တချို့ဆို ဘုန်းကြီးကျောင်းတွေကဆိုရင် ဘုန်းကြီးတွေတောင်ဖမ်းသွားတယ်” ဟု စစ်တွေတွင်နေထိုင်နေသူ ၁ ဦး ကဆိုသည်။
AA အနေဖြင့်လည်း စစ်တွေနှင့် ကျောက်ဖြူကဲ့သို့သော မလွတ်မြောက်သေးသည့်မြို့နယ်များကဒေသခံများအား လွတ်မြောက်နယ်မြေများတွင် လာရောက် ခိုလှုံကြရန်ပြောကြားထားသည်။
ယင်းအတွက် ဒေသခံအများအပြားသည် မြို့၊ ရွာများအားစွန့်ခွာနေကြပြီး ငွေ ကြေးအဆင်မပြေသည့် လက်လုပ်လက်စားများသာ ကျန်ရှိနေခြင်းဖြစ်သည်။