ရွှေဈေး ဒေါ်လာဈေးမြင့်တက်နေသည့်အပြင် အခြေခံစားသောက်ကုန်များပါ အဆမတန်ဈေးတက်နေ
*******
စကားမောင်
မေ ၂၉၊ ၂၀၂၄။
မြန်မာနိုင်ငံတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဈေး၊ ဒေါ်လာဈေးများတက်နေသည့်အပြင် ကုန်ဈေးနှုန်းများ လည်းအဆမတန် ဈေးမြင့်တက်လျက်ရှိသည်။
လက်ရှိတွင် ဆန်ကြမ်း ၁ ပြည်လျှင် ၅,၀၀၀ ကျပ်၊ စားအုန်းဆီ ၁ ပိဿာလျှင် ၈,၀၀၀ကျပ်ရှိနေပြီး လွန်ခဲ့ သော ၅ လခန့်ကမူ ဆန်ကြမ်း ၁ ပြည်လျှင် ၂,၈၀၀ ကျပ်နှင့် စားအုန်းဆီ ၁ ပိဿာလျှင် ၅,၀၀၀ ကျပ်သာ ရှိခဲ့ သည်ဟု သိရသည်။
ကုန်ဈေးနှုန်းအပြင် အသား၊ ငါးဈေးများသည်လည်း တရိပ်ရိပ်မြင့်တက်နေ၍ စားရေးသောက်ရေးတွင် ခက် ခဲလျက်ရှိသည်ဟုသိရသည်။
“ အခုကြက်သား ၁,၀၀၀ ဖိုးဝယ်ချင်လို့ ဆိုင်နားသွားရပ်လို့တောင်မရဘူး။ အန်တီတို့ မရှိဆင်းရဲသားကျ တော့ အဲ့လိုအသားငါးစားဖို့က ခက်သွားပြီ။ ပန်းဂေါ်ဖီ ၁ ထုပ်တောင် ၇,၀၀၀၊ ၈,၀၀၀ ရှိနေတော့ အနား မကပ်နိုင်ဘူး ”ဟု ရန်ကုန်ကဈေးသည် ၁ ဦးကဆိုသည်။
လက်ရှိတွင် မုန်တိုင်းရှိ၍မိုးအမြဲရွာနေခြင်းကြောင့် အလုပ်အကိုင်နှင့် သွားလာရေးများ ပိုမိုခက်ခဲနေ သည်ဟုလည်း၎င်းကပြောသည်။
“ အခက်အခဲကတော့ပြောမယ်ဆို ပြောတောင်မပြနိုင်ပါဘူး။ ဈေးရောင်းတာလည်း ၁၀,၀၀၀ ဖိုးတောင် ဖြစ်ဖြစ်မြောက်မြောက်တောင် မရောင်းရပါဘူး။ အရောင်းအဝယ်တွေလည်းပါးတယ် ”ဟု ဆိုသည်။
ထို့ပြင် ရွှေဈေးနှင့်ဒေါ်လာဈေးများ အဆမတန်ထိုးတက်နေပြီး ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလျှက် ရှိသည်။
ယနေ့ဆက်သွယ်မေးမြန်းချိန် ညနေ ၅ နာရီအချိန်ထိ အခေါက်ရွှေ ၁ ကျပ်သားလျှင် ၅၈ သိန်း ၁ သောင်းကျပ်ထိ စံချိန်တင်မြင့်တက်နေပြီး ရွှေအရောင်းအဝယ်ရပ်ထားသည်မှာ ၁လခန့်ရှိနေပြီဟု ရွှေဆိုင် ပိုင်ရှင် အမျိုးသား ၁ ဦးကဆိုသည်။
၎င်းက“ဘာမှကိုလုပ်လို့မရတာ။ အရောင်းအဝယ်ရပ်ထားတာကြာပြီ။ အခုရွှေဈေးတွေတက်တော့ ရွှေကုန် သည်တွေကြောင့် ဈေးတွေကစားလို့တက်တယ်ဆိုပြီး ရွှေကုန်သည်တွေကိုချုပ်ထားတာ။ အကုန်လုံးက under control (ထိန်းချုပ်မှု)အောက်ကိုရောက်နေတယ်။ ဆိုင်ကဖုန်းတွေပါပိတ်ထားရတယ်”ဟု သူက ပြောသည်။
ရွှေဈေးများတရှိန်ထိုးတက်နေခြင်းကြောင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)၊ အုပ်ချုပ်ရေးမှူးများနှင့် ရွှေလုပ်ငန်းရှင်များအသင်းတို့က ရွှေကုန်သည်များအား အရောင်းအဝယ်ရပ်ထားခိုင်းခြင်းဖြစ်သည်ဟု သိရ သည်။
ယနေ့ ၅ နာရီခွဲအချိန်ထိ ပြင်ပဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၄,၅၉၈ကျပ်၊ ထိုင်းဘတ်ငွေ ၁ ဘတ်လျှင် ၁၂၅ကျပ်နှင့် ယူရို ၁ ယူရိုလျှင် ၄,၉၉၃ကျပ်အထိ မြင့်တက်လျက်ရှိသည်။