နှစ်ဖက်ဆွေးနွေးမှုရလဒ်ဖြင့် SSPP တပ်ဖွဲ့ဝင်များကို ပြောင်းရွှေ့ခဲ့ခြင်းဟု TNLA ဆို
****
သံလွင်ခက်
မေ ၂၉ ၊ ၂၀၂၄။
နှစ်ဖက်ဆွေးနွေးမှုရလဒ်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်က ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် ( SSPP/ SSA ) တပ်ဖွဲ့ဝင်မျာအား နေရာပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA ကဆိုသည်။
SSPP တပ်ဖွဲ့ဝင်များသည် သိမ်းယူထားသည့်စစ်ကောင် စီတပ်စခန်းများတွင် အခြေချစခန်းထိုင်ထားသည့် အတွက် ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့်အပြင် လုံခြုံရေးကိုပါထိခိုက်စေသည့်အတွက် နှစ်ဖက်တာဝန်ရှိသူများတွေ့ဆုံညှိနှိုင်းပြီးနောက် ယခုကဲ့သို့ နေ ရာပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောသည်။
၎င်းက ” သူတို့ ပို့ဆောင်ရခြင်းရည်ရွယ်ကတော့ အဓိက ဗဟိုအချင်းချင်းတွေ့ဆုံတဲ့အခါမှာ ဒီတပ်စခန်းတွေ ဆွေးနွေးတာမျိုးတွေရှိတယ်။ အဲဒါမို့ ဒီလိုလုပ်ရခြင်းဟာ ဒီဆွေးနွေးပွဲရလဒ်ကို အကောင်အထည်ဖော်တာဖြစ်တယ်။ နောက်တစ်ခုက လက်ရှိ SSPP က စကစရဲ့ တပ်စခန်းတွေ သိမ်းယူတဲ့နေရာမှာ ဝင်ရောက်ပြီးတော့မှ အခြေချစခန်းထိုင်ခြင်းသည် ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးပိုဖြစ်စေသလို လူထုတွေရဲ့ လုံခြုံမှုကိုလည်း ထိခိုက်စေတယ်ပေါ့လေ။ အဲဒါကြောင့်မို့ ကျွန်မတို့ နှစ်ဖက်ညှိနှိုင်းပြီးတော့မှ သူတို့ရဲ့ မူရင်းလှုပ်ရှားရာ စခန်းကို သွားရောက်ပြီးတော့မှ ပို့ဆောင်တာဖြစ်တယ်။ အခုဒီပြဿနာတွေက ပြေလည်သွားပါပြီ ” ဟုဆိုသည်။
ပြီးခဲ့သည့် မေလ ၂၇ ရက်တွင် နမ့်ခမ်းမြို့နယ် ၁၉ ရွာ ဂိတ်စခန်း၊ နောင်မ၊ နောင်တောင်းနှင့် နောင်မတာ ရှိ SSPP တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို TNLA က မူဆယ်မြို့နယ်ဘက်သို့ နေရာပြောင်းရွှေ့ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိ နမ့်ခမ်းမြို့နယ်တွင် SSPP တပ်ဖွဲ့ဝင်များမရှိတော့ဟု ဒေသခံများထံက သိရသည်။
ထို့အပြင် နမ့်ခမ်းမြို့တွင် TNLA က ယခင်ကထက် လုံခြုံရေးတိုးမြှင့်ထားသည်ဟု ဒေသခံ ၁ ဦးက ပြောသည်။
၎င်းက ” လက်ရှိ နမ့်ခမ်းမှာတော့ TNLA က လုံခြုံရေးတွင် တင်းကြပ်ထားတာရှိတယ်။ ညညဆိုရင် လမ်းမှာ ဆိုင်ကယ်၊ ကားတွေကိုစစ်တာတွေရှိတယ်။ သူတို့အရင်ထက်ပိုပြီး လုံခြုံရေးယူထားတာရှိတယ် “ဟုဆိုသည်။
တပ်ဖွဲ့ဝင်များ နေရာပြောင်းရွှေ့မှုနှင့်ပတ်သက်၍ SSPP ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးစိုင်းစု နှင့် ဗိုလ်မှူး စိုင်းဖုန်းဟန် ထံ သံလွင်ခက်သတင်းဌာနက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။
နမ့်ခမ်းမြို့ကို TNLA က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် SSPP ၊ TNLA ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ၊ အာရက္ခတပ်တော် AA ၊ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နှင့် `ဝ´ ပြည် သွေး စည်းညီညွတ်ရေး တပ်မတော် UWSA သည် ပြည်ထောင်စု နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုကော်မတီ (FPNCC) တွင် အဖွဲ့ဝင်များလည်း ဖြစ်ကြသည်။
ပုံစာ – SSPP တပ်ဖွဲ့ဝင်များ။
Photo – SSPP Info
****
Telegram – > https://thanlwinkhet.net/?p=10244
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=10244