ပဋိပက္ခတွေကြား စာသင်ခန်းပျောက်နေသောအနာဂတ်များ
*******
သဇင်
မေ ၂၇၊ ၂၀၂၄။
မကြာခင်ရောက်ရှိလာမည့်ဇွန်လသည် မြန်မာ့ကလေးငယ်များ၏ ပညာရေးခရီးတစ်ဖန်စတင်မည့် ကျောင်းဖွင့်ရာသီဟု ဆိုနိုင်ပေသည်။
ဇွန်လမတိုင်ခင် မေလဆန်းပိုင်းကစ၍ တစ်နိုင်ငံလုံးရှိကျောင်းများသည် လာမည့်ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရန်ပြင်ဆင်နေကြပြီး ကျောင်းနေအရွယ်ကလေးများအတွက်အရေးကြီးသည့် ကျောင်းအပ်နှံရေးကာလဖြစ်သည်။
လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံရှိ ကျောင်းနေအရွယ်ကလေးအများစုသည် ကျောင်းအပ်နိုင်ခြင်းမရှိသေးပေ။
မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ်ကလေးငယ်အရေအတွက် ၁၄ သန်းကျော်ရှိနေပြီး ကလေးထက်ဝက်ခန့်သည် စာသင်ကျောင်းများနှင့်ဝေးကွာနေရကာ အနာဂတ်မဲ့သည့်အခြေအနေကြား ရောက်ရှိနေကြ သည်။
ပဋိပက္ခစစ်ဇုန်အတွင်းကျရောက်နေခြင်း၊ စီးပွားရေးမလည်ပတ်နိုင်ခြင်းနှင့် နည်းပညာအားနည်းမှုအပြင် လုံခြုံသည့်စစ်ကင်းမဲ့ဇုန်မရှိခြင်းတို့က စာသင် ကျောင်းနှင့် ကလေးငယ်များကြားကအကွာအဝေးကို ပို၍ကြီးမားစေခဲ့သည်။
စစ်ကောင်စီတပ်၏ နေ့ရက်တိုင်းနီးနီး လက်နက်ကြီးပစ်ခတ်မှုနှင့် အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှု၊ နေအိမ်မီးရှို့ဖျက်ဆီးမှုများကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့်မိသားစုများသည် ၎င်းတို့ကလေးငယ်များ၏ ပညာရေးကို ဆက်လက်ထောက်ပံ့ရန်မလွယ်ကူတော့ချေ။
အာဏာသိမ်းစစ်တပ်၏ ကြည်း၊ ရေ၊ လေထိုးစစ်ကြောင့် နေအိမ်ဆုံးရှုံးခဲ့ရပြီး အခြားရပ်ရွာတွင် စစ်ရှောင်နေရင်း ဝမ်းရေးတောင်မဖူလုံတော့သည့် မွန်ပြည် နယ် ဓမ္မသကျေးရွာက ကျောင်းနေအရွယ် ရင်သွေးငယ်ပိုင်ဆိုင်ထားသူ ကလေးမိခင်တစ်ဦးက လာမည့်ကျောင်းဖွင့်ချိန်တွင် သူမ၏ကလေးကို စာသင်ကျောင်းမပို့နိုင်တော့သည့်အကြောင်းကို ယခုလိုဖွင့်ဟလာသည်။
“ကလေးကို ဒီနှစ်ဖို့ကတော့ ကျောင်းမထားနိုင်တော့ဘူး။ ကျွန်မလည်း အလုပ်မလုပ်ရတော့ဘူး။ အိမ်လည်းမရှိတော့ဘူး။ အကုန်လောင်သွားပြီ။ ဘာမှမကျန်ဘူး။ ကလေးကိုကျောင်းထားဖို့တော့ ဝေးသေးတယ်။ စားဖို့တောင် သူများဆီအကူအညီတောင်းနေရတယ်”ဟုဆိုသည်။
၂၀၂၄ ခုနှစ်၌ စစ်မြေပြင်ပြည်နယ်အဖြစ်ရောက်ရှိခဲ့သော မွန်ပြည်နယ်တွင် စစ်ဘေးရှောင် ၁ သိန်းကျော် ရှိလာပြီး ယင်းစစ်ရှောင်နေသူများထဲ ကျောင်းနေအရွယ်ကလေးငယ်များလည်း ပါဝင်နေသည်။
အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် အစောပိုင်းကာလများတွင် စစ်တပ်ကို သပိတ်မှောက်ခြင်း (CDM ပြုလုပ်ခြင်း)ကြောင့် အခြေခံပညာရေးကျောင်းများနှင့် အဆင့်မြင့်ပညာရေးကျောင်းများတွင် ကျောင်းတက်ရောက်သူ ကျောင်းသားကျောင်းသူအရေအတွက် သိသိသာသာကျဆင်းခဲ့သည်။
သို့သော် ပြီးခဲ့သည့် ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်မှာတော့ တစ်နိုင်ငံလုံးအတိုင်း အတာအရ ကျောင်းအပ်နှံသူဦးရေ ၇ သန်းကျော်ရှိခဲ့ပြီး ယင်းအရေအတွက်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ကျောင်းအပ်နှံသူအများဆုံးနှစ်ဖြစ်ခဲ့သည်။
လူဦးရေ ၂ သန်းကျော်ရှိသည့်မွန်ပြည်နယ်တွင် အသက် ၁၅ နှစ်အောက်ကလေးငယ် ၃၁ ရာခိုင်နှုန်းပါဝင်နေပြီး အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်တုန်းက တော့ အခြေခံပညာနှင့် အဆင့်မြင့်ပညာရေးကျောင်းများတွင် ကျောင်းတက်ရောက်နေသူ ၃သိန်းကျော်ရှိခဲ့သည်။
လက်ရှိတွင်လည်း စစ်ကောင်စီဖွင့်လှစ်ထားသည့်ကျောင်းများရှိ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းတက်ရောက်မှုရာခိုင်နှုန်းသည် ပုံမှန်အတိုင်းရှိနေသော်လည်း အထက်တန်းအဆင့်၊ တက္ကသိုလ်ဝင်တန်းဖြေဆိုသူနှင့် အဆင့်မြင့် ပညာရေးကျောင်းများတွင် ကျောင်းတက်ရောက်သူ ထက်ဝက်ခန့်လျော့နည်းလာသည်ဟု ပညာရေးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။
မွန်ပြည်နယ်ရှိအစိုးရကျောင်းများတွင် တက်ရောက်ခြင်းမရှိသည့် ကျောင်းသားထက်ဝက်ခန့်သည် NUG ကဖွင့်လှစ်ထားသည့် အွန်လိုင်းပညာရေးစနစ်နှင့် မွန်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့စည်းများက ဖွင့်လှစ်သည့်ကျောင်းများတွင်လည်း အနည်းငယ်သာတက်ရောက်ကြသည်ဟု သိရသည်။
ကလေးသူငယ်များအပေါ်ပြုမူခဲ့သည် စစ်ကောင်စီ၏ စာနာစိတ်ကင်းမဲ့သောသတ်ဖြတ်မှုများနှင့် စာသင်ကျောင်းများအား ပစ်မှတ်ထားတိုက်ခိုက်သည့်အပေါ် စိုးရိမ်စိတ်များရှိနေသည့်ကလေးများသည် ပညာရေးနှင့် ပိုဝေးကွာနေရခြင်းဖြစ်သည်ဟု မွန်ပြည်နယ်ဒေသခံ ဆရာ ၁ ဦးကဆိုသည်။
“အခုအခြေအနေက တော်လှန်ရေးပဋိပက္ခတွေကလည်း များလာတာနဲ့အမျှ စာသင်ကျောင်းတွေကို ဗုံးကြဲတာမျိုးတွေလည်းရှိလာတယ်။ ကလေးတွေစာသင်ကျောင်းထဲရောက်ဖို့ နှောင့်နှေးစေတာက လုံခြုံရေးမရှိတော့တာပဲ။ လူတွေအပြင်ထွက်ရင် ကိုယ့်နောက်ကျောတောင် ကိုယ်မလုံကြတော့ဘူး။ စစ်ကောင်စီက ဘယ်နေရာမှာ ဘယ်သူ့ကိုမဆို ဖမ်းဆီးသတ်ဖြတ်နိုင်တာတွေ ပြုမှုလုပ်ဆောင်နေတာဆိုတော့ မိဘတွေအနေနဲ့လည်း ကျောင်းတွေကိုမလွတ်ချင်ကြတော့ဘူး”ဟုဆိုသည်။
စစ်အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသည့် ကြားကာလအစိုးရ NUG သည် ၂၀၂၁ ခုနှစ်တွင် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ ပြည်သူ့အုပ်ချုပ်ရေး၊ ကာကွယ် ရေးအဖွဲ့များနှင့်ပူးပေါင်းကာ အွန်လိုင်းပညာရေးစနစ်အပြင် မြေပြင်၌လည်း စာသင်ကျောင်းများဖွင့်လှစ်ထားရှိခဲ့သော်လည်း ကျောင်းသားအရေအတွက်အနည်းငယ်ကိုသာ လွှမ်းခြုံနိုင်ခဲ့သည်။
တော်လှန်ရေးအဖွဲ့အစည်းများက ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားသည့် စာသင် ကျောင်းများအား ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီတပ်၏လုပ်ရက်များကြောင့် ကလေးငယ်များသည် ပညာကို ဘေးကင်းလုံခြုံစွာသင်ကြားခွင့် မရရှိနိုင်သေးပေ။
ယင်းအပြင် အွန်လိုင်းပညာသင်ကြားရေးစနစ်ရေးဖြင့် သင်ကြားရာတွင်လည်း နည်းပညာအားနည်းခြင်း၊ လျှပ်စစ်မီးအလုံအလောက်မရရှိနိုင်သေးခြင်းတို့ကြောင့် ပညာသင်ကြားရာတွင် အခက်အခဲကြုံ တွေ့နေရသေးသည်။
ကလေးများအားလုံးလက်လှမ်းမီနိုင်သည့် ပညာရေးစနစ်ကိုဖော်ဆောင်နိုင်ရန်မှာလည်း မိသားစုစီးပွားရေးအခြေအနေများကြောင့် ကလေးများအားလုံးပါဝင်လာနိုင်ဖို့က ခက်ခဲနေသေးသည်ဟု မွန်ပြည်နယ်ရှိ ပညာရေးတက်ကြွလှုပ်ရှားသူ ၁ ဦးက ဆိုသည်။
“ပညာရေးဆိုတာက တစ်ခါတစ်လေကျရင် စီးပွားရေးနဲ့တိုက်ရိုက်ဆက်စပ်တယ်။ ရွာဘက်အခြမ်းကမိဘတွေ ကလေးတွေကိုကျောင်းမထားနိုင်ဘူးဆိုတာက ကျောင်းမထားချင်လို့မဟုတ်ပါဘူး။ ကျောင်းမထားနိုင်တာပါ။ တိုင်းပြည်အခြေအနေအရ စစ်ဖြစ်နေတဲ့နေရာတွေဆိုရင် ဘယ်လိုမှ ကျောင်းမထားနိုင်ဘူး။ ပညာရေးဆိုတာ သူ့ထီးထီးကြီး ရပ်တည်ဖို့မလွယ်ဘူး။ စီးပွားရေးကောင်းမှ ပိုပြီး အားသွန်ခွန်စိုက်လုပ်လို့ရမယ်”ဟုဆိုသည်။
ကလေးငယ်များသည် နိုင်ငံ၏ကဏ္ဍအသီးသီးကို ဦးဆောင်ဦးရွက်ပြုမည့်သူ များဖြစ်သည့်အတွက် ကလေးများ၏ပညာရေးကို ဦးစားပေးဆောင်ရွက်ရန်က နိုင်ငံတစ်နိုင်ငံ၏ အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပညာရေးစနစ်တွင် အခြေခံပညာရေးနှင့် အဆင့်မြင့်ပညာရေးအပြင် အသက်မွေးဝမ်းကြောင်းပညာရပ်ကိုပါ စနစ်တကျစီမံပြီး သင်ကြားပေးနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ပညာရေးကိုမြှင့်တင်ရန်မှာ လုံလောက်သည့်ပညာရေးအသုံး စရိတ်အပြင် သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်သည့်ဆရာများ ခန့် အပ်ဖို့လိုအပ်နေသော်လည်း စစ်ကောင်စီသည် ပညာရေးအသုံးစရိတ်ကို လျစ် လျူရှုပြီး စစ်အသုံးစရိတ်ကိုသာအာရုံစိုက်နေသည်။
တိုင်းပြည်အနာဂတ်အတွက် ပညာရေးကဏ္ဍကို မှန်ကန်သည့်နည်းလမ်းဖြင့်ဦး စားပေးလုပ်ဆောင်ရန်လိုအပ်နေပြီး မလုပ်ဆောင်နိုင်ပါက နောက်ဆက်တွဲဆိုးကျိုးများကို လာမည့်ဆယ်စုနှစ်အတွင်း ခံစားရမည်ဖြစ်သည်ဟု ထိုင်းနိုင်ငံရောက်ရှိနေသည့် မြန်မာ့ပညာရေးလှုပ်ရှားသူ ဆရာစောကပီး ကဆိုသည်။
“ညွှန်းကိန်းတွေအရဆိုရင် ကျောင်းတက်ရမယ့်ကျောင်းသူကျောင်းသူတွေဟာ တော်လှန်ရေးတွေမှာ ပါဝင်နေရတယ်။ စစ်ကောင်စီအောက်မှာရှိတဲ့ကျောင်းတွေမှာမတက်ချင်တာကြောင့် ပညာကို ဆက်လက်သင်ယူခွင့်မရတာကြောင့်မို့ နောင် ၁၀ နှစ်၊ ၁၅ နှစ်အချိန်ကျရင် ကျွန်တော်တို့တိုင်းပြည်မှာ ခေတ်ပညာ တတ်လူဦးရေ၊ အတတ်ပညာတစ်ခုခုတတ်ကျွမ်းတဲ့လူဦးရေ လိုအပ်တာထက် အများကြီးလျော့နည်းနေတာဆိုရင် တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေးဆိုင်ရာအခက်အခဲတွေကို များစွာကြုံရမယ်ဆိုတာ ဖော်ပြနေပါတယ်”ဟုဆိုသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများတွင် နိုင်ငံ့ပညာရေးကို ဦးစားပေးဆောင်ရွက်နေပြီး ပညာရေးကဏ္ဍအတွက် အသုံးစ ရိတ်တိုးမြှင့်ခြင်း၊ နိုင်ငံတကာအဆင့်မီအောင် သင်ရိုးညွှန်းတမ်းများ ပြောင်းလဲပြင်ဆင်ခြင်းများအ လုပ်ဆောင်ခဲ့ကြသည်။
၂၀၂၃ ခုနှစ် ကမ္ဘာ့နိုင်ငံများ၏ပညာရေးညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၃၃ နိုင်ငံတွင် မြန်မာနိုင်ငံသည် အဆင့် ၁၁၈ ရောက်ရှိနေသည်။
မြန်မာနိုင်ငံ၏ ပညာရေးအသုံးစရိတ်သည် တိုင်းပြည်၏နှစ်စဉ်ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု – GDP ၏ ၁ ရာခိုင်နှုန်းပင်မရှိသော်လည်း ထိုင်းနိုင်ငံ၏ပညာရေးအသုံးစရိတ်ကတော့ ၄ ရာခိုင်နှုန်းရှိသည်ဟု မြန်မာ့သတင်းမီဒီယာတချို့တွင် ဖော်ပြထားသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် ပုံမှန်ပညာရေးစနစ်ဖြင့်သာ လည်ပတ်နေသော်လည်း မြန်မာနိုင်ငံပညာရေးစနစ်ထက် တိုးတက်သာလွန်နေပြီး မြန်မာ့ပညာရေးအညွှန်းကိန်းကတော့ အနှုတ်လက္ခဏာဘက်ကိုသာ တဖြည်းဖြည်းဦးတည်နေပါသည်။
မြန်မာ့ပညာရေး နိုင်ငံတကာတွင်ရင်ဘောင်တန်းနိုင်ရန်အတွက် ပညာရေးအသုံးစရိတ်ကို စနစ်တကျအသုံးပြုပြီး နိုင်ငံ၏တာဝန်ရှိသူအားလုံး ပူးပေါင်းဆောင်ရွက်ဖို့လိုသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED ဒါရိုက်တာ ဦးထူးချစ် က သုံးသပ်ပြောဆိုသည်။
“မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကြောင့်ရော ကိုဗစ်ကြောင့်ရော တချို့ကလေးတွေဟာ အသက်နဲ့အတန်း မမျှကြဘူး။ ဒါကြောင့်မို့လို့ အသက်နဲ့ထိန်းညှိတဲ့ပညာ ရေးကိုလည်း စနစ်တကျဆောင်ရွက်သင့်တယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပညာရေးလုပ်ငန်းတွေမှာတော့ အများကြီးရင်းနှီးမြှုပ်နှံပြီးတော့ ကြိုးစားသင့်တယ်လို့မြင်ပါတယ်”ဟုဆိုသည်။
လုံခြုံသည့်နေရာမှာ လွတ်လပ်စွာပညာသင်ကြားနိုင်ရေးသည် ကလေးတိုင်းရရှိသင့်သည့် အခွင့်အရေးဖြစ်ပြီး မြန်မာနိုင်ငံရှိကလေးငယ်များမှာမူ ၎င်းတို့ရရှိသင့်သည့်အခွင့်အရေးကိုပင် ဆုံးရှုံးနေကြရရှာသည်။
အကြောင်းကြောင်းကြောင့် စာသင်ကျောင်းများနှင့်ဝေးကွာနေရသည့်ကလေးများအတွက်မူ လူတန်းစေ့လက်လှမ်းမီနိုင်သည့်ပညာရေးစနစ်ကို လိုအပ်နေဆဲ သာဖြစ်တော့သည်။
****
Telegram – > https://t.me/ThanLwinKhetNews/4677
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=10200