ရခိုင်ပြည်နယ်ကစစ်ဘေးရှောင်များအတွက် အမိုးအကာများအရေးပေါ်လိုအပ်
********
ခင်သရဖီဦး
မေ ၂၅၊ ၂၀၂၄။
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြားဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ဘေးရှောင်အရေအတွက်ကလည်း နေ့စဥ်ဆိုသလိုထပ်တိုးလာနေသည်ဟု သိရသည်။
ယင်းကဲ့သို့ စစ်ဘေးရှောင်အရေအတွက် နေ့စဥ်နှင့်အမျှတိုးလာနေသည့်အတွက် မိုးတွင်းကာလဖြတ်သန်းရန် အမိုးအကာများလိုအပ်နေသည်ဟု စစ်ဘေးရှောင်များကဆိုသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာတွင် စစ်ရှောင်နေသော အမျိုးသမီး ၁ ဦးက လက်ရှိတွင် စားဝတ်နေရေး ကြပ်တည်းနေသည့်အပြင် အမိုးအကာအတွက် တာပေါ်လင်စကိုပင် မဝယ်နိုင်တော့ဟုဆိုသည်။
၎င်းက ” အခုတောင် နေစရာမရှိဘူး။ မုန်တိုင်းရှိလို့ မိုးရွာတာလို့ သိရတယ်။ ကျွန်မတို့က ဆွေမျိုးအိမ်မှာတဲထိုးပြီး ကပ်နေရတာ။ လေပြင်းတစ်ချက်တိုက်လာရင်တောင် အကုန်လွှင့်ထွက်တာ။ ကျွန်မတို့က အိမ်နဲ့နေချင်တာပေါ့ ။ ဒါပေမယ့် အခုက တာပေါ်လင်စတွေတောင် မဝယ်နိုင်ဘူး။ အလှူရှင်တွေရှိရင် ကောင်းတာပေါ့ ” ဟုပြောသည်။
ရခိုင်ပြည်သူများအပါအဝင် စစ်ဘေးရှောင်အများအပြားသည် စားဝတ်နေရေးအကြပ်အတည်းအပြင် ကုန်စျေးနှုန်းမြင့်တက်သည့်ဒဏ်ကိုလည်း ခံစားနေကြရသည်။
မင်းပြားမြို့နယ်၊ အိမ်ရှေ့မင်းကျေးရွာတွင်လည်း တိုက်ပွဲကြောင့် နေအိမ်တချို့မီးလောင်ဆုံးရှုံးခဲ့ပြီး လက်ရှိအချိန်ထိ နေအိမ်ပြန်မဆောက်နိုင်သေးဟု ကျေးရွာသား ၁ ဦးက ဆိုသည်။
” ကျွန်တော်တို့အိမ်က ဂျက်နဲ့ လာချလို့ မီးလောင်သွားတယ်။ အခုထိတော့ ဘာမှမလုပ်နိုင်သေးဘူး။ စားဝတ်နေရေးကလည်း အဆင်မပြေဘူး။ အလှူရှင်တွေကို လာစေချင်တယ်။ ကျွန်တော်တို့က မိုးကလည်းကျတော့မယ်။ နေဖို့နေရာကလည်း မရှိသေးဘူး” ဟုဆိုသည်။
AA သိမ်းပိုက်ထားသည့် ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပလက်ဝ မြို့ကဲ့သို့သောလွတ်မြောက်နယ်မြေများတွင် စစ်ဘေးရှောင်များနေထိုင်နေကြခြင်းဖြစ်သည်။
ယမန်နေ့ မေလ ၂၄ ရက်တွင်လည်း AA က ၎င်းတို့ထိန်းချုပ်နယ်မြေများတွင် စစ်ဘေးရှောင် ၅ သိန်း ကျော်နှင့် ဘူးသီးတောင၊ မောင်တောတွင် စစ်ဘေးရှောင် ၂ သိန်းကျော်ရှိကြောင်း ထုတ်ပြန်ထားသည်။
“ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင်စုစုပေါင်း ၂ သိန်းခန့်ရှိပြီး ထိုအထဲမှ ၈၀ ရာခိုင်နှုန်းမှာ မူဆလင်များဖြစ်၍ ရခိုင်နှင့် တခြားသော လူနည်းစုများမှာ ၂၀ ရာခိုင်နှုန်းခန့်ရှိပါသည်” ဟုထုတ်ပြန်ချက်တွင် ဆိုထားသည်။
လက်ရှိတွင် စစ်ဘေးရှောင်တချို့အား ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးနှင့် လိုအပ်သည့်ပစ္စည်းများအား AA က ထောက်ပံ့ထားသော်လည်း မကြာမီရောက်ရှိလာတော့မည့် မိုးရာသီအတွက် အမိုးအကာများလိုအပ်သည်ဟု AA က ထုတ်ပြန်သည်။
ယင်းအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ စေတနာရှင်အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများနှင့် စေတနာအလှူရှင်များက ကူညီပေးကြရန် AA က တောင်းဆိုထားသည်။
“အကူအညီများနှင့် လိုအပ်ချက်များအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ စေတနာရှင်အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများနှင့် စေတနာအလှူရှင်များက ကူညီပေးကြပါရန် အားကိုးစွာဖြင့်တိုက်တွန်းနှိုးဆော်အပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ဓာတ်ပုံ – သံလွင်ခက်။
ပုံစာ – မီးလောင်ပျက်စီးသွားသည့် မင်းပြားမြို့နယ်၊ အိမ်ရှေ့မင်းကျေးရွာကနေအိမ်များ။
****
Telegram – > https://t.me/ThanLwinKhetNews/4676
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=10196