အောင်ဇေယျစစ်ကြောင်းနှင့် ပူးပေါင်းတပ်များ တိုက်ပွဲထပ်မံဖြစ်ပွား
*****
နန်းဆုပန်ခန့်
မေ ၂၇၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့ကိုထိုးစစ်ဆင်လာသော ” အောင်ဇေယျစစ်ဆင်ရေး “စစ်ကြောင်းနှင့် ကာ ကွယ်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရ သည်။
အောင်ဇေယျစစ်ကြောင်း၏ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြဝတီမြို့ အနီးဝန်းကျင်နေရာများကို
ယမန်နေ့ ည ၉ နာရီကစ၍ ၂ နာရီနီးပါးကြာ မစ်ဇိုင်းဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ဟုသိရသည်။
ယင်းသို့ပစ်ခတ်နေသည့်အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြေပြင်ရဲ ဘော် ၁ ဦးက သံလွင်ခက်သတင်းဌာနကိုပြောသည်။
၎င်းက ” တစ်ခါပစ်ရင် ၁၀ လုံး။ ၁ နာရီကျော် ၂ နာရီနီးပါးလောက်ကြာမယ် သူတို့ပစ်တာ။ သူတို့ (စစ်ကောင်စီတပ်ဖွဲ့)ဘက်က အရင်ပစ်တာ။ အဲ့လိုပစ်တော့ ညကထိတွေ့တိုက်ပွဲပြန်ဖြစ်သွားရော ” ဟု ဆိုသည်။
လွန်ခဲ့သည့် ၃ ရက်အတွင်း တိုက်ပွဲများငြိမ်သက်ခဲ့သော်လည်း ယမန့်နေ့ညတွင် စစ်ကောင်စီတပ်က မစ်ဇိုင်းဒုံးကျည်များဖြင့်ပစ်ခတ်ခဲ့သည့်အတွက် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုအခြေအနေကိုတော့ မသိရသေးပေ။
လက်ရှိအချိန်တွင် အောင်ဇေယျစစ်ကြောင်းသည် ကော့ကရိတ် – မြဝတီ အာရှလမ်း၊ တောနော်ရေတံခွန် အနီးအကွေ့ကနေ ရှေ့ဆက်မတိုးနိုင်သေးပေ။
သို့သော် မြဝတီ ဒေါနတောင်ကျော် ထို့ကော်ကိုးလမ်းကလာသည့် စစ်ကောင်စီတပ်ဖွဲ့များကတော့ မြဝတီမြို့တွင်း ရောက်ရှိနေပြီဖြစ်သည်ဟု မြေပြင်သတင်းအရင်းမြစ် ၁ ဦးက ဆိုသည်။
၎င်းက ” အာရှလမ်းမပေါ်ကလာတဲ့ကောင်တွေကတော့ တောနော်ကွေ့ကနေရှေ့ဆက်မတိုးသေးဘူး။ သူတို့ကတော့ ရသလောက်တိုးနေတာပဲ။ ဒီရက်ပိုင်းတော့ သူတို့တိုးလို့ကို မရတာ။ သူတို့ဘက်က အင်အားနည်းသွားတာလည်း ပါမှာပေါ့။ ဒါပေမယ့် ထို့ကော်ကိုးဘက်ကနေတော့ အင်အား ၅၀၀ လောက် မြဝတီထဲရောက်နေပြီကြားတယ် ” ဟု ဆိုသည်။
ပြီးခဲ့သည့် မေလ ၁၇ ရက်တွင်လည်း အောင်ဇေယျစစ်ကြောင်းကတပ်ဖွဲ့ဝင်များ ရှေ့တိုးရန်ကြိုးစားခဲ့ သော်လည်း ပူးပေါင်းတပ်များ၏ဟန့်တားမှုကြောင့် ရှေ့တိုးမရဘဲ ဖြစ်ခဲ့ရသည်။
အောင်ဇေယျစစ်ကြောင်းကိုဦးဆောင်လာသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသအခြေ စိုက် တပ်မ ၅၅ သည် ကရင်ပြည်နယ် ကော့ကရိတ်မြို့ကို ဧပြီလ ၁၂ ရက်တွင် ရောက်ရှိလာပြီးနောက် ၁၃ ရက်တွင် မြဝတီမြို့ကိုရောက်ရှိရန် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
ထိုသို့ စစ်ကြောင်းထိုးတက်လာသည့်ကာလတလျှောက်လုံး သံချပ်ကာကားအပြင် အခြားစစ်သုံးကားနှင့် လေယာဉ်၊ ဒရုန်းများအသုံးပြုထိုးစစ်ဆင်ခဲ့သော်လည်း ပူးပေါင်းတပ်များ၏ဟန့်တားမှုကြောင့် လက်ရှိ အချိန်ထိ အောင်ဇေယျစစ်ကြောင်းသည် တောနော် ရေတံခွန်းအနီးကတဆင့် ကျော်ဖြတ်နိုင်ခြင်း မရှိ သေးသည်မှာ ၁ လကျော်နေပြီဖြစ်သည်။
ဓါတ်ပုံ – KNU (ပုံဟောင်း)
ပုံစာ – ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် သံချပ်ကားတချို့။