ရန်ကုန် – မော်လမြိုင်ကားလမ်းရှိ တံတားတစ်စင်း ထပ်မံ မိုင်းခွဲခံရ
******
သဇင်
မေ ၂၃၊၂၀၂၄။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မစောတံတား ယနေ့ မေလ ၂၃ ရက် မနက်ပိုင်းတွင်မိုင်းခွဲခံရပြီး ပျက်စီးသွား သည်ဟု မွန်ပြည်နယ်ဒေသခံများထံက သိရသည်။
ယင်းသို့ဖောက်ခွဲဖျက်ဆီးခံရသဖြင့် စက်သုံးဆီဈေးနှုန်း များ ထပ်မံမြင့်တက်လာနိုင်သည်ဟု ဒေသများကဆို သည်။
မစောတံတားသည် ယနေ့မနက်အစောပိုင်းတွင် မိုင်းဖောက်ခွဲခံရခြင်းဖြစ်ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို မသိရှိရသေးပါ။
တံတားမိုင်းခွဲခံရစဉ် တံတားပေါ်ဖြတ်သန်းသွားလာသည့် ဆိုင်ကယ် ၃ စီး တံတားအောက်ပြုတ်ကျသဖြင့် အမျိုးသား ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။
ပြီးခဲ့သည့် မေလ ၁၁ ရက်တွင် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတား မိုင်းဖောက်ခွဲခံရမှုကြောင့် ပျက်စီးခဲ့ပြီး ယာယီလမ်းလွဲပြုလုပ်ကာ သွားလာနေစဉ်တွင် နောက်ထပ်တံတားတစ်စင်း ထပ်မံပျက်စီးသွားခြင်းဖြစ်သည်။
ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် အရေးပါသည့် ဘီးလင်းမြို့ နယ်ရှိ တံတားနှစ်စင်းပျက်စီးသွားသည့် အတွက် စက်သုံးဆီစီးဆင်းမှုနှောင့်နှေးပြီး ဈေးနှုန်းမြင့်တက်လာနိုင်သည်ဟု မော်လမြိုင်မြို့ပေါ် ဒေသခံ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
“ကျုံအိတ်တံတားကျိုးထားတော့ ရှေ့ရက်ပိုင်းကမှ ဆီကားတွေဝင်ထားတာရှိတယ်။ တချို့ဆိုင်တွေ ရောင်းနေတယ်။ တချို့ဆိုင်တွေက မဖွင့်သေးဘူး။ အခုတစ်ခါ တံတားနောက်ထပ်တစ်စင်းထပ်ကျိုးတော့ ဆီတွေက အတက်ဘက်ကြီးပဲ။ ဆီပြတ်လတ်မှုဒဏ်ကိုလည်း ထပ်ပြီးခံရနိုင်ပါတယ် ”ဟုဆိုသည်။
ကျုံအိတ်တံတားပျက်စီးပြီးနောက် မော်လမြိုင်မြို့ပေါ်က ဒေသခံများ စက်သုံးဆီပြတ်လတ်မှုဒဏ်ခံစားခဲ့ရပြီး မေလ ၁၇ ရက်တွင် ကျုံအိတ်တံတားယာယီလမ်းလွှဲမှ ဆီဘောက်ဆာကားများကို စမ်းသပ်ဖြတ်သန်းခွင့်ပြုပြီးနောက် စက်သုံးဆီပြန်လည်ရရှိခဲ့သည်။
လက်ရှိတွင် မစောတံတားပျက်စီးမှုကြောင့် ဘီးလင်းမြို့အဝင်တွင် ကားအစီးရေ ရာနှင့်ချီပိတ်မိနေသည်ဟု ရန်ကုန်-မော်လမြိုင် ခရီးသည်တင်ကားမောင်းနေသူ ၁ ဦးက ဆိုသည်။
“တံတားပျက်သွားတဲ့အချိန်မှာ ရန်ကုန်ဘက်ကအလာ ဘီးလင်းမြို့အဝင်မှာပိတ်ထားတော့ ကားတန်းကတော့ တော်တော်များပါတယ်။ ကျွန်တော်တို့က တောလမ်းကပတ်မောင်းခဲ့ပါတယ်။ ဒီဘက်မှာ ထပ်ဖြစ်တော့ တောလမ်းမှာပါ ကားတွေထပ်ပြီး ပိတ်နေပါတယ်”ဟုဆိုသည်။
ဘီးလင်းမြို့နယ်တွင် ကုန်စည်စီးဆင်းမှုအရအရေးပါသည့် ကျုံအိတ်နှင့် မစောတံတား ၂ စင်းပျက်စီးမှုကြောင့် ကုန်တင်ကားနှင့် ခရီးသည်တင်ကားများသည် ပျက်စီးနေသည့်တံတား ၂ စင်းအား ကျော်ကွင်းသွားလာနိုင်သည့် ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာမှ သထုံမြို့နယ် မိုးကောင်းကျေးရွာ ခရိုင်ချင်းဆက်လမ်းကို သာ အားထားနေရသည်။
အဆိုပါလမ်းပိုင်းမှာလည်း မိုးတွင်းကာလတွင် ဖြတ်သန်းသွားရန်လာ ခက်ခဲနိုင်သည့်အတွက် ကုန်စည်စီးဆင်းမှုနှောင့်နှေးပြီး ကုန်ဈေးနှုန်းမြင့်တက်လာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။
ဓာတ်ပုံ-ပေးပို့။
ပုံစာ – မေလ ၂၃ ရက် မနက်အစောပိုင်းတွင် မိုင်းဖောက်ခွဲခံရမှုကြောင့် ပျက်စီးသွားသည့် မစောတံတား။