မြန်မာနိုင်ငံ၌ မိုင်းအသိပညာပေးလုပ်ငန်းများ ထပ်တိုးလုပ်ဆောင်ရန်လိုအပ်
*******
နန်းဆုပန်ခန့်
မေ ၂၂၊ ၂၀၂၄။
မြန်မာနိုင်ငံတွင် မိုင်းအသိပညာပေးလုပ်ငန်းများ ထပ်တိုးလုပ်ဆောင်ရန်လိုအပ်လျက်ရှိသည်ဟု မိုင်းအသိပညာပေးလုပ်ငန်းများဆောင်ရွက်နေသည့် အဖွဲ့အစည်းများကဆိုသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်း သားဒေသများအပြင် မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသများတွင်ပါ တိုက်ပွဲများပြင်းထန်လာခဲ့သည်။
ထိုသို့ တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ နှစ်ဖက်လက်နက် ကိုင်အဖွဲ့အစည်းများ၏ လက်နက်ကိုင်ဆောင်လာမှုကလည်း မူလကာလထက်မြင့်တက်လာခြင်းဖြစ်သည်။
လက်နက်ကိုင်ဆောင်လာမှုမြင့်တက်လာသည့်အလျောက် မလိုအပ်သည့်နင်းမိုင်း နှင့် လက်နက်ကြွင်း ကျန်များလည်း ပိုမိုတွေ့ရှိလာရသောကြောင့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများ ပိုမိုလိုအပ်လာသည်ဟု တအာင်းအမျိုးသမီးအဖွဲ့ တာဝန်ရှိသူ ၁ ဦးက ဆိုသည်။
သူမက “ မိုင်းအသိပညာပေးက လုပ်နိုင်မယ်ဆိုရင်တော့ တော်တော်များများလည်း လိုအပ်တယ်။ တခြားတိုင်း ရင်းသားဒေသတွေရော မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ ပြည်သူ လူထုတွေဆီမှာပေါက်ကွဲမှုတွေက ပိုပြီးမြင့်တက်လာတယ်။ နှစ်ဖက်အဖွဲ့အစည်းမကဘဲ နိုင်ငံတကာက ဒီမိုင်းအသိပညာပေးနဲ့ပတ်သက်ပြီး ဝိုင်းဝန်းလုပ်ဆောင်ပေးမယ်ဆိုရင်တော့ ပိုပြီးတော့ကောင်းတာပေါ့“ ဟုဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ပဋိပက္ခအခြေ အနေများကြောင့် စစ်မက်ဖြစ်ပွားနေသောဒေသအတွင်း မိုင်းအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန် စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။
ထို့ကြောင့် မိုင်းအသိပညာပေးလုပ်ငန်းများဆောင်ရွက်နေသည့်အဖွဲ့အစည်းများအနေဖြင့် မြေပြင်မဆင်းနိုင်သည့်အတွက် အွန်လိုင်း၌သာ မိုင်းအသိပညာပေးလုပ် ငန်းများကို မျှဝေနေကြရသည်။
ထိုသို့ အွန်လိုင်းကတဆင့်မျှဝေထားသည့် အသိပညာပေးများကိုလိုက်နာမည်ဆိုလျှင် သိသင့်သိထိုက်သည့် အခြေခံများသိရှိနိုင်သည်ဟု တအာင်းအမျိုးသမီးအဖွဲ့ တာဝန်ရှိသူ ၁ ဦးက ဆိုသည်။
နိုင်ငံတကာတွင် Associated for Aid and Relife – AAR (EORE) မဏ္ဍိုင် ၅ ရပ်ဖြစ်သည့် မိုင်းအန္တရာယ်ပညာပေးခြင်း၊ မိုင်းအန္တရာယ်ရသူများကို အကူအညီပေးခြင်း၊ စည်းရုံးလှုံ့ဆော်ပေးခြင်း၊ မိုင်းရှင်းလင်းဖယ်ရှားရေးနှင့် လက်နက်အစုလိုက်အပုံလိုက် ဖျက်ဆီးပစ်ခြင်းများရှိသည်။
သို့သော် မြန်မာနိုင်ငံတွင် အဆိုပါမဏ္ဍိုင် ၅ ရပ်အနက် ၃ ရပ်သာဖြစ်သည့် မိုင်းအန္တရာယ်ပညာပေးခြင်း၊ မိုင်းအန္တရာယ်ရသူများကို အကူအညီပေးခြင်း နှင့် စည်းရုံးလှုံဆော်ပေးခြင်းများကိုသာ အဖွဲ့အစည်းအချို့က လုပ် ဆောင်ပေးနိုင်ခဲ့သော်လည်း နိုင်ငံတဝန်းအတိုင်းအတာအထိ ယင်းအကူအညီများ ထိထိရောက်ရောက်မရရှိသေးဟု မိုင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများကဆိုသည်။
အစိုးရနှင့်သက်ဆိုင်သော ကျန်သည့်မဏ္ဍိုင် ၂ ရပ်သည်လည်း ပျက်ကွက်နေဆဲဖြစ်သည်ဟု မိုင်းအသိပညာပေးလုပ်ငန်းများအားဆောင်ရွက်နေသည့် အဖွဲ့အစည်းများကဆိုသည်။
မိုင်းနှင့်ပတ်သက်လျှင် သက်ဆိုင်ရာအဖွဲ့အစည်းများက မိုင်းအန္တရာယ်အသိပညာပေးသော်လည်းကောင်း၊ လက် နက်ကိုင်အဖွဲ့အစည်းများကလည်း တိုက်ပွဲပြီးကာလများတွင်ထောင်ထားသည့်မိုင်းများ ပြန်လည်ရှင်းလင်းပေးရန်လိုအပ်သည်ဟု မိုင်းထိသူအမျိုးသား ၁ ဦးကဆို သည်။
၎င်းက “ အခုချိန်မှာက အစိုးရဆိုတာ တိတိကျကျမရှိသေးတာကြောင့် တာဝန်ယူပြီးလုပ်မယ့်အဖွဲ့ မရှိလောက်ဘူး။ အခြားလူမှုအဖွဲ့ အစည်းတွေကနေ အသိပညာပေး ဟောပြောပွဲတွေ၊ သရုပ်ပြတွေ၊ လက်ကမ်းစာစောင်တွေ ၊ပြည်သူတွေသိအောင် လုပ်ရမယ်။ လက်နက်ကိုင်အဖွဲ့ အစည်းတွေအနေနဲ့လည်း မိုင်းအန္တရာယ်ရှိတဲ့နေရာတွေကို ပြည်သူလူထုသိအောင် ရှောင်လို့တိမ်းလို့ရအောင် တိုက်ပွဲပြီးကာလတွေမှာ ရပ်ရွာလူကြီးတွေကို ပြောကြားသင့်တယ်။ ဖြစ်နိုင်ရင် ပြန်ဖော်ပေးရမယ်။ မိုင်းပြန်ရှင်းပေးရမယ်” ဟုဆိုသည်။
မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများကိုကူညီသည့် အဖွဲ့အစည်းတချို့ရှိသော်လည်း နယ်မြေမတည်ငြိမ်မှု၊ နိုင်ငံတကာကူညီထောက်ပံ့မှုများ လျော့နည်းလာသည့်အခြေအနေများကြောင့် ကူညီမှုများ လျော့နည်းလာသည်ဟု ပြည်တွင်းရှိ မိုင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများထံကသိရသည်။
၂၀၂၃ ခုနှစ်တွင် မြေမြှပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးမှု သိသိသာသာမြင့်တက်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းညအတာဖြင့်ဆိုလျှင် ထိခိုက်သေဆုံးသူ စုစုပေါင်း ၁,၀၅၂ ဦးထိရှိသည်ဟု United Nations OCHA Myanmar က ကောက်ယူထားသည့် စာရင်းများအရသိရသည်။
မှတ်တမ်းများစတင်ခဲ့သည့် ၂၀၂၂ ခုနှစ် ထိခိုက်သေဆုံးသူအရေအတွက် ၃၉၀ ဦးနှင့် နှိုင်းယှဥ်ပါက ၂၇၀ ရာခိုင် နှုန်းအထိ သိသိသာသာ တိုးမြင့်လာခြင်းဖြစ်သည်ဟု United Nations OCHA Myanmar က ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – သံလွင်ခက်။
ပုံစာ – မိုင်းကြောင့် ဒဏ်ရာရရှိခဲ့သူတစ်ဦး။