ထင်းခုတ်သွားသည့် ပုလဲဒေသခံ ၂၀ ကျော်ကို ပျူစောထီးဖမ်းဆီး
******
သံလွင်ခက်
မေ ၂၃၊ ၂၀၂၄။
ထင်းခုတ်သွားသည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တောင်ရွာသစ်ကျေးရွာက ဒေသခံ ၂၂ ဦးကို ပျူစောထီးအဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ဒေသခံများထံကသိရသည်။
ယမန်နေ့ နံနက် ၁၀ ဝန်းကျင်တွင် ထင်းခုတ်သွားသည့် တောင်ရွာသစ်ကျေးရွာက ဒေသခံ ၂၂ ဦးကို အင်မထီးကျေးရွာမှ ပျူစောထီးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက် က သံလွင်ခက်သတင်းဌာနကိုပြောသည်။
၎င်းက ” အင်မထီးနဲ့ တောင်ရွာသစ်ကြားပေါ့။ အဲ့ကြားမှာ တောရှိတာပေါ့။ အင်မထီးရွာနဲ့လည်းမနီးမဝေး၊ တောင်ရွာသစ်နဲ့ကျလည်းမနီးမဝေးပေါ့။ ကြားထဲကျတာပေါ့ ။အဲ့တာကို တောင်ရွာသစ်က ပြည်သူတွေက အဲ့တောကို သွားပြီးတော့ ထင်းသွားခုတ်တာ၊ ထင်းသွားခုတ်တာကို အင်မထီးရွာကပျူတွေကထွက်လာပြီးတော့ ဖမ်းသွားတာ ” ဟုဆိုသည်။
ဖမ်းဆီးသွားပြီးနောက် ဒေသခံ ၆ ဦးအားပြန်လွတ်ပေးခဲ့သော်လည်း ၁၆ ဦးကို လက်ရှိအချိန်ထိ အင်မထီးကျေး ရွာထဲတွင် ဖမ်းဆီးထားဆဲဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
တောင်ရွာသစ်ကျေးရွာတွင် အိမ်ထောင်စု ၂၀၀ ကျော်ရှိပြီး လူဦးရေ ၁,၀၀၀ ဝန်းကျင်နေထိုင်လျက်ရှိသည်။
ဓာတ်ပုံ – Pale Entertainment
ပုံစာ – ပုလဲဒေသခံများ။ ( ပုံ – အဟောင်း )