ကရင်နီတွင် မေလအတွင်း စာသင်ကျောင်းများဖွင့်လှစ်မည်
*********
ယမင်းဖူးပွင့်အောင်
မေ ၂၂၊ ၂၀၂၄။
ကရင်နီပြည်အတွင်းရှိ စာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံနေပြီး ယခုလအတွင်း စာသင်ကျောင်းများ ဖွင့် လှစ်သွားမည်ဖြစ်သည်ဟု ကရင်နီပြည် ပညာရေးဝန်ထမ်းများထံကသိရသည်။
နေရာဒေသပေါ်မူတည်၍ ကျောင်းဖွင့်ချိန်ကွဲပြားမှုရှိနိုင်သော်လည်း ဇွန်လနောက်ဆုံးထား၍ ကျောင်းများအားလုံး ဖွင့်လှစ်သွားမည်ဟု ကရင်နီပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခူဘူးရယ် က သံလွင်ခက်ကိုပြောသည်။
၎င်းက “ပြည်တွင်းမှာကျတော့ IEC လက်အောက်ကနေသွားတဲ့ကျောင်းတွေရှိမယ်။ ဘာသာရေးအသင်းအဖွဲ့ကနေ ဖွင့်တဲ့ ကျောင်းတွေရှိမယ်။ တချို့လည်း စာသင်ဝိုင်းလေးတွေဖွင့်တာရှိတာပေါ့လေ။ ကရင်နီပညာရေးဌာနက ကျောင်းပေါင်း ၃၀၀ လောက်ဖွင့်မှာပေါ့”ဟုဆိုသည်။
စစ်ကောင်စီသည် စာသင်ကျောင်းများကို လေကြောင်းအသုံးပြုတိုက်ခိုက်နေသည်များလည်း ရှိနေသေးသဖြင့် လုံခြုံရေးအရလိုအပ်ချက်ဖြစ်သည့် ဗုံးခိုကျင်းများပြင်ဆင်ထားသလို ကျောင်းဆောင်များကိုလည်း အကာအကွယ်ရှိ သည့်နေရာများတွင် ဆောက်လုပ်ပေးထားသည်ဟု ပညာရေးဝန်ထမ်းများထံကသိရသည်။
ကျောင်းများဖွင့်လှစ်ရန် ဆရာ၊ ဆရာမလိုအပ်ချက်နှင့် အခြားအခက်အခဲများလည်းရှိနေသည်ဟု ခူဘူးရယ် က ဆက်ပြောသည်။
“အခက်အခဲကတော့ သယ်ယူပို့ဆောင်ရေးနဲ့ ကျောင်းသုံးကိရိယာတွေ ဝယ်ယူဖို့ပေါ့။ လမ်းတွေက မကြာသင့်ပဲ ကြာတယ်။ ပစ္စည်းလည်းပြတ်တောက်နေတာမျိုးရှိတယ်။ တခြားလိုအပ်ချက်ကတော့ ဆရာ၊ ဆရာမရဲ့လိုအပ်ချက် ပေါ့။ တချို့ဒေသတွေဆိုရင် ကိုယ်ထူကိုယ်ထကျောင်းတွေလည်း ဖွင့်လှစ်ကြတယ်။ လုပ်အားပေး ဆရာ၊ ဆရာမ တွေရဲ့ စားဝတ်နေရေးအတွက် အထောက်အပံ့ပြုဖို့က တော်တော်လေးအခက်အခဲဖြစ်တယ်။ ဆရာဖြစ်သင်တန်း တွေ ပို့ချပေးဖို့ကလည်း အခက်အခဲတော်တော်ရှိတယ်”ဟုဆိုသည်။
ဒီးမော့ဆိုအနောက်ဘက်ခြမ်း တစ်နေရာရှိစစ်ရှောင်စခန်းတွင်လည်း ကိုယ်ထူကိုယ်ထစာသင်ကျောင်းအတွက် ကျောင်းဆောင်ဆောက်လုပ်ရန် အခက်အခဲများရှိနေသည်ဟု စစ်ရှောင်ကူညီသူများထံက သိရသည်။
အဆိုပါစာသင်ကျောင်းတွင် ယခင်နှစ်က ၄ တန်းအထိသာဖွင့်လှစ်နိုင်သော်လည်း ယခုနှစ်တွင် ၆ တန်းထိတိုးမြှင့်၍ ဆရာ၊ ဆရာမ ၈ ဦးဖြင့် သင်ကြားပေးသွားမည်ဖြစ်သည်ဟု ကြယ်လင်းဆုံ – Old-KP စစ်ရှောင်စခန်း ကော်မတီ တာဝန်ခံ ဒေါ်ဆာလောမယ် ကပြောသည်။
၎င်းက “စာသင်ကျောင်းဆောင်ဆောက်ဖို့က ၁ ဆောင်ပဲ။ ဒါပေမယ့် အဲဒီ ၁ ဆောင်ဆိုတာက အခန်း ၅ ခန်း လောက်ရှိတယ်။ အမိုးအကာတွေရော ကျောင်းဆောက်လုပ်ဖို့နဲ့ ပတ်သက်တာတွေအကုန်လုံး အခက်အခဲရှိတာ ပေါ့။ စာသင်ဆောင်နဲ့ သင်ထောက်ကူပစ္စည်းတွေ အခက်အခဲရှိတာပေါ့။ စာရေးကိရိယာတွေကလည်း တစ် နှစ်ပြီး တစ်နှစ်ဈေးတက်လာတော့ အဆင်မပြေဘူးပေါ့” ဟုပြောသည်။
ကြယ်လင်းဆုံ – Old-KP စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၅၀၊ လူဦးရေ ၃၀၀ ကျော်နှင့် ယခုစာသင်နှစ်အတွက် ကျောင်းသား ၉၀ ခန့်ရှိသည်ဟုလည်း စခန်းတာဝန်ခံများထံက သိရသည်။
ဓာတ်ပုံ-BNI-Myanmar Peace Monitor
ပုံစာ- ကရင်နီ ဒေါနိုးကူးစစ်ဘေးရှောင်စခန်း ပညာရေးရုံးခန်း။
****
Telegram – > https://t.me/ThanLwinKhetNews/4658
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=10150