စစ်ကောင်စီက မင်းပြားမြို့နယ်အား လေကြောင်းဖြင့်တိုက်ခိုက်သဖြင့် စစ်ရှောင် ၉ ဦး ထိခိုက်
*******
ခင်သရဖီဦး
မေ ၂၂၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ခေါင်းလောင်းရွာရှိ ဘုန်းတော်ကြီးကျောင်းအနီးဝန်းကျင်နှင့် အဝေးပြေးကားဂိတ်အနီးရှိနေအိမ်များကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ယနေ့ နံနက် ၁၂ နာရီကျော်ခန့်ကပစ်ခတ်ခဲ့သည့်အတွက် စစ်ရှောင် ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
မင်းပြားဒေသခံ ၁ ဦးက ” နေ့တိုင်း ဂျက်က ဝဲနေတာလေ။ ညအချိန်မှာ လာပစ်သွားတာပေါ့။ သူတို့ ပစ်ချင်ရင်ပစ်တာပဲ။ ဘာကြောင့်လို့တော့မသိဘူး။ နေအိမ်က ၇ ဆောင်ပျက်သွားတယ်။ ဘုန်းကြီးကျောင်းလည်း ထိခိုက်သွားတယ်” ဟုဆိုသည်။
ထိဒဏ်ရာရသူများမှာ သက်တော် ၈၃ နှစ်အရွယ်ရှိ အရှင်ဉာဏစက္က ၊ ဒေါ်သိန်းသိန်း – ၆၆ နှစ်၊ ဒေါ်ငြိမ်းငြိမ်းဝေ – ၃၅ နှစ်၊ ဦးကျော်လင်းဦး – ၃၈ နှစ်၊ ဒေါ်မထွီး – ၅၃ နှစ်၊ ကိုငြိမ်းချမ်း – ၂၃ နှစ်၊ ကိုလပြည့် – ၂၃ နှစ်၊ ဦးဇော်မင်းလတ် – ၄၁ နှစ်နှင့် ဦးတင်ထွန်း – ၅၃ နှစ်တို့ဖြစ်ကြသည်။
ထိဒဏ်ရာရရှိသူများအား လက်ရှိတွင် နီးစပ်ရာဆေးရုံများဆီပို့ဆောင်ထားပြီး ဆေးကုသမူခံယူလျက်ရှိသည်ဟု သိ ရသည်။
စစ်ကောင်စီသည် မင်းပြားမြို့နယ်ရှိကျေးရွာများကဘုန်းတော်ကြီးကျောင်းများအပါအဝင် သာသနိကအဆောက်အအုံများကို မကြာခဏပစ်ခတ်မှုများရှိနေသည်။
မင်းပြားဒေသခံ ၁ ဦးက “သူတို့က နေ့တိုင်းလိုလို ဒရုန်းနဲ့ဖြစ်ဖြစ် ဂျက်နဲ့ဖြစ်ဖြစ် လာချနေတယ်။ ဘယ်နေရာလို့မဟုတ်ဘူး။ သူတို့က ပစ်ချင်သလိုပစ်နေတာပဲ” ဟု ဆိုသည်။
အာရက္ခတပ်တော် – AA သိမ်းပိုက်ထားသည့်မြို့နယ်များအား စစ်ကောင်စီတပ်က ယခုကဲ့သို့ပင်လေကြောင်းပစ်ခတ်မှုများ နေ့စဥ်လုပ်ဆောင်နေကြောင်း သိရသည်။
ဓာတ်ပုံ – APM
ပုံစာ – စစ်ကောင်စီပစ်ခတ်မှုကြောင့်ပျက်စီးသွားသည့် ခေါင်းလောင်းရွာရှိနေအိမ်များ။