စက်ရုံအချို့တွင် ထောက်ပံ့ကြေး ၁,၀၀၀ ပေးသော်လည်း သတ်မှတ်လုပ်ခနှုန်းထားမရောက်
******
စကားမောင်
မေ ၂၁၊ ၂၀၂၄။
ရန်ကုန်မြို့ရှိစက်ရုံအချို့တွင် ထောက်ပံ့ကြေး ၁,၀၀၀ တိုးမြှင့်ပေးသော်လည်း အလုပ်သမားများအတွက် တစ်နေ့လုပ်ခလစာသတ်မှတ်နှုန်းထားမရောက်ဟု အလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်း များက ဆိုသည်။
ရန်ကုန်မြို့ရှိစက်ရုံအချို့တွင် မေလကစပြီး အလုပ်သမားများအား ထောက်ပံ့ကြေး ၁,၀၀၀ ကျပ်ပေးပြီး အလုပ်သမားအရေအတွက် ထပ်မံတိုးမြှင့်ခေါ်ယူနေသည်ဟု အလုပ်သမားများထံကသိရသည်။
စစ်ကောင်စီ၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ယမန်နှစ် စက်တင်ဘာလကစပြီး မြန်မာနိုင်ငံ၏ အခြေခံလုပ်ခလစာကို အလုပ်ချိန် ၈ နာရီအတွက် မြန်မာကျပ်ငွေ ၄,၈၀၀ ကျပ်အပြင် အပိုထောက်ပံ့ကြေး ၁,၀၀၀ ကျပ် ထပ်ပေါင်းတိုးမြှင့်ခဲ့သည်။
လက်ရှိမှာတော့ စက်ရုံတချို့က ၁,၀၀၀ ကျပ် ထပ်မံတိုးမြှင့်ပေးခဲ့သဖြင့် အလုပ်သမားများ၏ ၁ ရက် လုပ်အားခက အပိုထောက်ပံ့ကြေး ၂ ကြိမ်နှင့်ဆိုလျှင် ၆,၈၀၀ ကျပ်ရှိရမည်ဖြစ်သည်။
လက်ရှိမှာတော့ နေ့စဉ်လုပ်ခလစာသည် ၄,၈၀၀ ကျပ်သာဖြစ်ပြီး ထောက်ပံ့ကြေးကိုသာထပ်ပေါင်းတိုးခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ အလင်းသစ်အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် တွဲဖက်ဥက္ကဋ္ဌ မတင်တင်ဝေက ဆို သည်။
“အလုပ်ရှင်တွေက ဒေးကြေးထဲမှာတိုးသွားပြီဆိုရင် ပြန်ဖြုတ်ဖို့လည်းမလွယ်ဘူး။ တကယ်တော့ ဒေး ကြေးထဲမှာ တိုးပေးတယ်ဆိုရင် OT(အချိန်ပို)ဆင်းရရင် ဆင်းရသလို ဒေးကြေးတိုးပေးတယ်ဆို OT ကြေး ကများသွားမှာ။ အဲဒါကြောင့်အလုပ်ရှင်တွေကမတိုးပေးတာပေါ့နော်”ဟု ပြောသည်။
စစ်အာဏာသိမ်းထားသည့်ကာလတွင် အလုပ်ရှင်များသည် အလုပ်သမားများ၏လုပ်အားကို အခွင့်ကောင်း ယူ၍ အမြတ်ထုတ်ခြင်းများရှိနေသည်ဟုလည်း မတင်တင်ဝေ ကပြောသည်။
“ဖြေရှင်းတဲ့နည်းလမ်းကတော့ အလုပ်သမားတွေ တကယ်လိုအပ်တဲ့ လုပ်ခလစာသာတိုးတယ်ဆိုရင် အလုပ်သမားတွေအတွက်က အကောင်းဆုံးဖြစ်မယ်ပေါ့နော်။ လုပ်ခလစာက ၁၀,၀၀၀ တိုးလည်း အလုပ် သမားတွေအတွက်က လောက်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ခလစာတိုးလာတဲ့အမျှ ကုန်ဈေးနှုန်းတွေက တက်နေတာဖြစ်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် စစ်ကောင်စီကထုတ်ပြန်သော စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံမှထွက်ခွာ၍ ပြည်ပ နိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများလာပြီး ပြည်တွင်းတွင် အလုပ်သမားလိုအပ်ချက်များလာ သည်ဟုသိရသည်။
“ဒါကတော့ လုပ်ငန်းလိုအပ်ချက်အရ လုပ်သားလိုတဲ့စက်ရုံတွေက တိုးမြှင့်ခေါ်ကြတာပါ။ ဥပဒေအရ ပြောင်းတာမဟုတ်ပါဘူး။ ဘာတွေကွာနိုင်လဲဆိုတော့ ရတဲ့စက်ရုံရှိသလို မရတဲ့စက်ရုံလည်းရှိနေတော့ အလုပ်သမားတွေကြား အနည်းနဲ့အများတော့ တောင်းဆိုမှုတွေရှိလာမယ်ထင်တယ်”ဟု သွေးစည်းညီညွတ် သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ – STUM ၏ တာဝန်ရှိသူ ၁ ဦးက ပြောသည်။
ထို့အပြင် အလုပ်သမားများ၏အခြေခံလုပ်ခလစာမှာ ၁ ရက်လျှင် အမေရိကန်ဒေါ်လာ ၃ ဒေါ်လာနှင့် အထက်ဖြစ်သင့်သည်ဟု ဆိုသည်။
“အနည်းဆုံးလုပ်ခလစာ တိုးရင်တိုး၊ မတိုးရင် Living wages (နေထိုင်ဖို့လိုအပ်တဲ့လစာ) ပေးသင့်ပါတယ်”ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံရှိ အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ချက်သည် ၂၀၁၈ ခုနှစ်တွင် ပြန်လည်သတ်မှတ်ခဲ့ရာမှ ၁ ရက် လျှင် ၄,၈၀၀ ကျပ် (အကြမ်းဖျင်းအားဖြင့် တစ်နာရီလျှင် ၆၀၀ ကျပ်) ဖြစ်သည်။
အဆိုပါသတ်မှတ်ချက်အရ ၁ လလျှင် အနည်းဆုံး မြန်မာငွေ ၁၄၀,၀၀၀ ခန့်သာ ရရှိမည်ဖြစ်သည်။