ကျင်ဒွေးမြို့မှဆုတ်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရှောင်ပြည်သူများအား ဖမ်းဆီးနေ
******
သံလွင်ခက်
မေ ၂၀၊ ၂၀၂၄။
တော်လှန်ရေးပူးပေါင်းတပ်များက ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို သိမ်းပိုက်ပြီးနောက် ဆုတ် ခွာလာခဲ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ရှောင်ပြည်သူများအား လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်နေသည် ဟု ဒေသခံများထံက သိရသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေလ ၁၄ ရက်တွင် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့အနီးရှိ အုံကျေးရွာ က ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် စစ်ရှောင်ပြည်သူ ၃၈ ဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ သည်။
ထို့နောက် မေလ ၁၇ ရက်က ဖမ်းဆီးခဲ့သူများအနက်က အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် စုစုပေါင်း ၃၀ ကျော်ကို ဆက်လက်မခေါ်ဆောင်သွားတော့ဘဲ တောထဲထားခဲ့သည်ဟု ဒေသခံများထံက သိရသည်။
မေလ ၁၈ ရက်က လမ်းပြအဖြစ်ခေါ်ဆောင်သွားသည့် အမျိုးသား ၄ ဦးကို တောထဲတွင်ပြန်လည်ရှာတွေ့ခဲ့သည်ဟု သိရသည်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ ၃၈ ဦးအနက် အသက် ၅၀ ဝန်းကျင်အမျိုးသား ၁ ဦး ပျောက်ဆုံးလျက်ရှိသည်ဟု ဒေသခံ ၁ ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက “တောထဲမှာ ပြန်ကြဲနေတော့ ပြန်လိုက်ရှာကြတာပေါ့။ အားလုံးကို တောတောင်တွေထဲမှာ ပြန်ရှာတွေ့ကြ တာ။ အမျိုးသမီးနဲ့ကလေးတွေကတော့ သူတို့သတင်းမေးတာတို့ ဘာတို့၊ မေးတာတွေကတော့ အမျိုးမျိုးမေးကြ တယ်။ ဒါပေမယ့် အမျိုးသားတွေကျတော့ သူတို့ပေါ်တာ ဆွဲသွားတာ လမ်းပြဆွဲသွားတာပေါ့။ အမျိုးသား ၁ ဦးက တော့ အခုချိန်ထိပျောက်နေတုန်းပဲ။ အသက် ၅၀ ဝန်းကျင်လောက်ရှိတဲ့ အမျိုးသား ၁ ဦးပေါ့” ဟုဆိုသည်။
အာရက္ခတပ်တော် – AA၊ ချင်းညီနောင်အဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ကျင်ဒွေးမြို့ကို မတ်လ ၇ ရက် ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဧပြီ ၂၉ ရက် ညပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
ထို့နောက် ကျင်ဒွေးမြို့မှဆုတ်ခွာခဲ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျင်ဒွေးမြို့နှင့် အုံကျေးရွာကြားရှိ တော တောင်များထဲတွင်နေထိုင်ခဲ့ပြီးနောက် အုံကျေးရွာရှိ ဒေသခံများ၏ နေအိမ်များကိုလည်း ဖောက်ထွင်းမှုများ လုပ် ဆောင်ခဲ့သည်။
ဒေသခံ ၁ ဦးက ” သူတို့အဲ့ကနေဆုတ်လာတော့ ကျင်ဒွေးမြို့နဲ့ ကျွန်တော်တို့ရွာရဲ့ကြားမှာ တောတောင်တွေမှာ နေကြတယ်။ အဲ့ကနေ ကျွန်တော်တို့ရွာဘက်ကိုဝင်လာကြတာ။ ရွာမှာလည်း နွားနောက် ၁၀ ကောင် သူတို့ သတ် သွားတယ်။ ကြက်တွေ ဝက်တွေ ဆိတ်တွေ အများကြီးသတ်သွားတယ်” ဟုဆိုသည်။
လူဦးရေ ၁၀၀ ဝန်းကျင်၊ အိမ်ထောင်စု ၂၀ ခန့်ရှိသည့် အုံကျေးကျေးရွာက ပြည်သူများပိုင်ဆိုင်သောပစ္စည်းများ ဝင် ရောက်ယူဆောင်နေသည့်အပြင် စစ်ကောင်စီတပ်က အဆိုပါကျေးရွာကို ဧပြီ ၁၇ ရက်တွင်လည်း လေကြောင်းဖြင့် ဗုံးကြဲမှုများလုပ်ဆောင်ခဲ့သည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်က လေကြောင်းအပြင် မြေပြင်စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် အုံကျေးရွာအပါ အဝင် အနီးဝန်းကျင်ကကျေးရွာများဖြစ်သည့် ချိုင်းလောင်း၊ စိုးချောင်း၊ လွီးစုံရွာ စသည့်ကျေးရွာများက ဒေသခံ ၃၀၀ ကျော် တောထဲတွင်စစ်ဘေးတိမ်းရှောင်နေရသည်။
တောထဲစစ်ဘေးတိမ်းရှောင်နေကြရသည့် စစ်ရှောင်များသည် မိုးတွင်းကာလဖြစ်သည့်အလျောက် နေထိုင်ရေးနှင့် စားသောက်ရေးတွင် အခက်အခဲများစွာကြုံတွေ့နေကြရသည်ဟု ဒေသခံများထံက သိရသည်။
စစ်ဘေးရှောင်များအားဖမ်းဆီးခေါ်ဆောင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိတွင် အုံကျေးရွာက တဆင့် လွီးစုံကျေးရွာ၌ စခန်းချနေထိုင်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
ဓာတ်ပုံ -ပေးပို့
ပုံစာ – တောထဲတွင် စစ်ဘေးရှောင်နေရသည့် အုံကျေးရွာဒေသခံများ။
****
Telegram – > https://t.me/ThanLwinKhetNews/4648
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=10119