ကျုံအိတ်တံတားလမ်းလွဲက ဖြတ်သန်းခွင့်ပြုထားသော်လည်း ယာဉ်ပိတ်ဆို့မှုဖြစ်ပေါ်နေ
*********
သဇင်
မေ ၁၈၊၂၀၂၄။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် နှင့် သထုံမြို့နယ်အစပ် ရန်ကုန်-မော်လမြိုင်သွားလမ်းပေါ်ရှိ ကျုံအိတ်တံတားပျက်စီး ပြီးနောက် တံတားဘေးတွင် ယာယီပြုလုပ်ထားသည့် မြေနီလမ်း(တံတားလမ်းလွဲ)ကနေ ယာဉ်အားလုံးကို ဖြတ် သန်းခွင့်ပြုနေပြီဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ မေလ ၁၇ရက်ကစ၍ ယာယီပြုလုပ်ထားသည့် တံတားလမ်းလွဲကနေ ဆီဘောက်ဆာကားများအား စမ်းသပ်ဖြတ်သန်းခွင့်ပြုပြီးနောက် ကုန်တင်ကားကြီးများလည်း ဖြတ်သန်းသွားလာနေပြီဖြစ်သည်။
ယာဉ်မောင်း ၁ ဦးက”ဆီဘောက်ဆာကားရပြီဆိုတော့ တခြားကားတွေကိုလည်း တန်းစီပြီး ပေးဖြတ်နေပါတယ်” ဟုဆိုသည်။
ပြိုကျပျက်စီးနေသည့် ကျုံအိတ်တံတားပေါ်တွင် မေလ ၁၄ ရက်ကတည်းက ကားအသေးများ ဖြတ်သန်းသွားလာ နေကြသည်ဟုလည်း ဒေသခံများပြောပြချက်အရသိရသည်။
ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားသည် ပြီးခဲ့သည့် မေလ ၁၁ ရက် မနက်ပိုင်းတွင် မိုင်းခွဲဖျက် ဆီးခံခဲ့ရသောကြောင့် တံတားတစ်စင်းလုံးပြိုကျပျက်စီးခဲ့ပြီး ဆက်သွယ်ရေးလမ်းပိုင်းပြတ်တောက်သွားခဲ့ခြင်းဖြစ် သည်။
ယင်းနောက် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာ နှင့် သထုံမြို့နယ် မိုးကောင်းကျေးရွာ ခရိုင်ချင်းဆက်လမ်းပိုင်း ကနေ ခရီးသည်တင်ကားများအပြင် ကုန်တင်ကားကြီးများ ဖြတ်သန်းသွားရာတွင် ကား ၁ စီးစာ လမ်းအကျယ်သာ ရှိသည့်အတွက် နာရီနှင့်ချီတန်းစီစောင့်ဆိုင်ပြီး သွားလာနေခဲ့ကြသည်။
ကျုံအိတ်တံတားဘေးတွင် ယာယီပြုလုပ်ထားသည့် မြေနီလမ်းသည် တစ်လမ်းမောင်းစာသာရှိသည့်အတွက် အလှည့်ကျ တန်းစီစောင့်ဆိုင်းပြီး သွားလာနေကြရသည်ဟု ဒေသခံ ၁ ဦးက ဆိုသည်။
၎င်းက“တံတားကျိုးတဲ့နေရာမှာတော့ အလှည့်ကျတန်းစီရတော့ ဖြတ်ဖို့စောင့်ရတာရှိတယ်။ အချိန်နည်းနည်းတော့ ကြာတာပေါ့။ ရေရှည်ဆိုရင်တော့ ဒီလမ်းက အဆင်မပြေနိုင်ဘူးပေါ့နော်”ဟု ဆိုသည်။
ကျုံအိတ်တံတားသည် ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်တွင် KNLAနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ပထမအကြိမ်မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတားတစ်ခြမ်း ပြိုကျပျက်စီးခဲ့သည်။
ယင်းနောက် ယာယီဘေလီတံတားထိုးပြီး ပြန်လည်ဖြတ်သန်းနေကြသော်လည်း ဒုတိယအကြိမ် မိုင်းဖောက်ခွဲခံရ ချိန်၌ တံတားတစ်စင်းလုံးပျက်စီးခဲ့ရသည်။
ပုံစာ-ကျုံအိတ်တံတားလမ်းလွဲက ဖြတ်သန်းသွားလာနေသည့် မြင်ကွင်း။