မိုးမောက်၊ မံစီတွင် တိုက်ပွဲပြင်းထန်နေ
*******
ထွယ်
မေ ၁၇၊ ၂၀၂၄။
တိုက်ပွဲများပြင်းထန်နေသည့် မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ်တို့ကို စစ်ကောင်စီတပ်က ယမန်နေ့နံနက် အစော ပိုင်းကတည်းကပင် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်နေပြီး တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်ဟု ရှေ့ တန်းရဲဘော်များထံက သိရသည်။
မံစီမြို့နယ်တွင်ကျန်ရှိသေးသည့် စစ်ကောင်စီ၏ စစ်ဗျူဟာကွပ်ကဲရေးဌာနချုပ် စကခ ၂ လက်အောက်ခံ ခြေမြန် တပ်ရင်း ခမရ – ၃၁၉ နှင့် ခြေလျင်တပ်ရင်း ခလရ – ၆၀၁ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်က ယမန်နေ့နံနက်ကတည်းက တိုက်ခိုက်လျက်ရှိသည်ဟု ရှေ့တန်းရဲဘော် ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “မံစီတပ်နားအပါ ကောင်ဂျာယာန်ထိကို လာပစ်တာ။ ခုက စကစ က အကုန်သုံးနေတာ။ လေယာဥ်၊ drone (ဒရုန်း)၊ လက်နက်ကြီး။ တချို့ဒေသတွေမှာဆို ဓာတုလက်နက်ဗုံးပါ သုံးတာ။ အကုန်အစုံပါပဲဗျာ”ဟု ပြောသည်။
စစ်ကောင်စီတပ်သည် မံစီမြို့အပါအဝင် မိုးမောက်ရှိ တစ်ခုတည်းကျန်တော့သည့် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ – ၄၃၇ အနီးကိုလည်း လေကြောင်းဖြင့် ပြင်းပြင်းထန်ထန်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ရှေ့တန်းရဲဘော် ၁ ဦးက “လေယာဥ်ကဆက်တိုက်ပဲ၊ ခေါင်းတောင်မထောင်နိုင်ဘူး။ မနက်က စစ်တပ်နားထိကပ်ပြီး သွားပစ်ခဲ့သေးတယ်။ လက်နက်ကြီးနဲ့ လေယာဉ် ဆက်တိုက်ပစ်လို့ ပြန်ဆုတ်လာခဲ့ရတယ်”ဟု ပြောသည်။
စစ်ကောင်စီတပ်သည် မံစီမြို့နယ်နှင့် မိုးမောက်မြို့နယ်ကို ထောက်ပို့ဗုံးကြဲလေယာဥ် Y 12 အပါအဝင် ဂျက်ဖိုက် တာများဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ဗန်းမော်မြို့ ၂ မိုင်အောင်သာရပ်ကွက်ရှိ လေယာဉ်ကွင်းတပ်ကလည်း နေ့စဉ် လက်နက်ကြီးများပစ်ကူနေပြီး အဆိုပါတပ်ကိုလည်း KIAနှင့် ပူးပေါင်းတပ်က သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဗန်းမော်မြို့ဒေသခံအမျိုးသမီး ၁ ဦးက ပြောသည်။
၎င်းက “KIA က ဒီနေ့တင် လေယာဉ်ကွင်းတပ်ကို ပစ်တာ ၂ ခါရှိပြီ။ စစ်တပ်ကပစ်တဲ့အသံနဲ့ KIA က ပစ်တဲ့အသံ မတူဘူး။ ခွဲလို့ရတယ်” ဟု ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် ဗန်းမော်မြို့ကို လေကြောင်းဖြင့် စစ်လက်နက်ရိက္ခာများပို့ဆောင်နေသည့်အပြင် ရေကြောင်းဖြင့်လည်း စစ်အင်အားဖြည့်တင်းလျက်ရှိသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
ကချင်ပြည်နယ်တွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIAနှင့် ပူးပေါင်းတပ်က မတ်လ ၇ ရက်ကတည်းက တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ၂ လအတွင်းပင် စစ်ကောင်စီ၏ စခန်းကြီး၊ စခန်းငယ် စုစုပေါင်း ၉၀ နီးပါးခန့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။