စစ်တွေတွင် ပိတ်မိနေသည့် ဒေသခံများ စားဝတ်နေရေး ခက်ခဲနေ
********
ခင်သရဖီဦး
မေ ၁၆၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပိတ်မိပြီး ကျန်ရှိနေခဲ့သည့် ဒေသခံများသည် လက်ရှိတွင် စားဝတ်နေရေးအခက် အခဲဖြင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီက စစ်တွေမြို့အား ကုန်လမ်း၊ရေလမ်း ပိတ် ဆို့ထားသည့်အတွက် ဒေသခံများ ယခုကဲ့သို့ အခက်အခဲများဖြင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။
စစ်တွေဒေသခံအမျိုးသမီး ၁ ဦးက ” ဆန်စျေးက စျေးတက်နေတယ်။ ဓာတ်ဆီကလည်း တစ်လီတာကို ၂၀,၀၀၀ ကျော်ဖြစ်နေတယ်။ မီးသွေးကလည်း စျေးတက်တယ်။ ဝယ်ဖို့အတွက် ငွေကြေးကလည်း မတတ်နိုင်ဘူး” ဟုဆိုသည်။
စစ်တွေမြို့တွင် ဆန်တစ်အိတ်လျှင် ၂၃၀,၀၀၀ ကျပ်၊ မီးသွေးတစ်အိတ်လျှင် ၄၅,၀၀၀ ကျပ်၊ စက်သုံးဆီ တစ်လီတာ ၂၅,၀၀၀ ကျပ်၊ စားသုံးဆီ တစ်လီတာ ၁၃,၀၀၀ ကျပ်အထိ မြှင့်တက်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
နေ့စားလုပ်ကြသူအများအပြား ကျန်ရှိနေပြီး ကုန်စျေးနူန်း မြင့်တက်ခြင်းကြောင့် စားဝတ်နေရေး ကြပ်တည်းနေကြခြင်းဖြစ်သည်ဟု စစ်တွေဒေသခံ ၁ ဦးက ဆိုသည်။
၎င်းက” အရင်ကတော့ ငါးရှာစားတာ။ အခုငါးထွက်ရှာစားလို့လည်း မရဘူး။ အကုန်ပိတ်ထားတာ။ ဝင်ငွေလည်းမရှိတော့ အရမ်းခက်ခဲတယ်” ဟု ဆိုသည်။
စစ်တွေမြို့တွင် မြို့၏ လူဦးရေ သုံးပုံတစ်ပုံခန့် ကျန်ရှိနေပြီး အများစုသည် လက်လုပ်လက်စားများဖြစ်ကြကာ စားဝတ်နေရေးအကြပ်အတည်းအပြင် အလုပ်အကိုင် ရှားပါးခြင်းကိုပါ ရင်ဆိုင်နေရခြင်းဖြစ်သည်။
ဓာတ်ပုံ – သံလွင်ခက်
ပုံစာ – ရခိုင်ပြည်နယ်ရှိစစ်ရှောင်များ။