လက်နက်ကြီး၊ မြေမြုပ်မိုင်းကြောင့် ညောင်လေးပင်ခရိုင် ဒေသခံများသေဆုံးဒဏ်ရာရ
*******
သံလွင်ခက်
မေ ၁၆ ၊ ၂၀၂၄။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်( ခလယ်လွီထူခရိုင်) ၊ မုန်းမြို့နယ် ( မူးမြို့နယ်) နှင့် ကျောက် ကြီးမြို့နယ်( လယ်ဒိုမြို့နယ် ) များတွင် စစ်ကောင်စီတပ်က ပြည်သူလူထုများနေထိုင်ရာ ကျေးရွာအတွင်းနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခြင်း၊ မြေမြှုပ်မိုင်းများထောင်ထားခြင်းတို့ကြောင့် ပြည်သူ ၂ ဦး ခန့်အသက်သေဆုံးခဲ့ရပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်ဟု KNU က ယနေ့တွင် ထုတ်ပြန် သည်။
မုန်းမြို့နယ်သို့ စစ်ကောင်စီတပ်၏ တပ်မ (၇၇)၊ (၉၂)၊ (၉၃)၊ (၄၄) တပ်များပူးပေါင်းထားသည့် စစ်ကြောင်းများသည် ၂၀၂၄ ခုနှစ် ဧပြီလ (၃) ရက်တွင်စစ်ကြောင်းထိုးခဲ့သည်။
ထို့နောက် ထိုစစ်ကြောင်းကထောင်ထားသည့် မြေမြှုပ်မိုင်းအားနင်းမိပြီး ရေလဲ (ဗမာ) ကျေးရွာနေ စောကျူကျူ (၂၀) နှစ်နှင့် ဝိုင်းတူ(အနောက်)ရွာနေ ဇင်ရာအောင်တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုနေ့တစ်ရက်တည်းမှာပင် ခမရ−၄၃၉ တပ်ရင်းက လက်နက်ကြီးပစ်ခတ်ခဲ့ရာ ကင်းမွန်ချို၊ ငတိုးခင်ကျေးရွာ
၊ ဘုရားလှဟ၊ ဝိုင်းကြီးစသည့် ကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
ကျရောက်ပေါက်ကွဲမှုကြောင့် ငတိုးခင်ကျေးရွာနေ ဒေါ်မသီ (၅၂) နှစ် လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး မောင်ကောင်းခန့်သူရလွင် (၁၄) နှစ်မှာ ထိခိုက်ဒဏ်ရာရ ရှိခဲ့ရသည့်အပြင် ဘုရားလှဟကျေးရွာနေ ဦးတင့်ကြည် (၆၅) နှစ်သည်လည်း လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ဒေါ်
ကွယ်ထော (၆၁) နှစ် နှင့် (၂)တင်ဇာဦး (၃၄) နှစ် တို့ ထိ ခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ကင်းမွန်ချိုကျေးရွာနေ ဦးဝင်းနိုင် (၅၇) နှစ်သည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မေလ ၂ ရက် မနက် ၆ နာရီခွဲတွင် ဦးကိုပွေ (၅၂) နှစ်သည် ရေလဲကျေးရွာသို့ ပစ္စည်းပြန်ယူစဉ် စစ်ကောင်စီတပ်၏ တပ်မ (၇၇)၊ (၉၂)၊ (၉၃)၊ (၄၄) တပ်များပူးပေါင်းထားသည့် စစ်ကြောင်းများက ရေလဲကျေးရွာအတွင်းသို့ ဝင်လာစဉ် ထောင်ထားသော မြေမြုပ်မိုင်းအားနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့နောက် မေလ ၁၂ ရက် နေ့လယ် ၁၁ နာရီအချိန်တွင် စစ်ကောင်စီတပ် ခမရ−၄၃၉ တပ်ရင်းက သင်္ကန်းကုန်းကျေးရွာအတွင်းသို့ ဟောင်ဝစ်ဇာလက်နက်ကြီး (၁) လုံးအား ပစ်ခတ်ခဲ့ရာ လက်နက်ကြီးထိမှန်ပြီး မစု (၄၃) နှစ် နှင့် ကိုသန်းစိုးနိုင် (၃၉) နှစ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မေလ (၁၄) ရက် နံနက် ၁၀ နာရီ ၅၃မိနစ် အချိန်တွင် ပိန်းဇလုပ်အခြေစိုက်ခလရ−၂၆၄ တပ်ရင်းက (၁၂၀)မမ လက်နက်ကြီး (၂)လုံးအား ကြိတ်ကွင်းရွာအတွင်းသို့ပစ်ခတ်ခဲ့ရာ နော်အေးထွေး (၃၅)နှစ် ညာဘက်ခြေထောက်နှင့် ဗိုက်တို့အား လက်နက်ကြီး ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်ဟု KNU ကထုတ်ပြန်ထားသည်။
ဓါတ်ပုံ − စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် မြေမြှုပ်မိုင်းထောင်ထားမှုကြောင့် ထိခိုက်သေဆုံးဒဏ်ရာရရှိရမှုများ။