မကွေးတိုင်းကစစ်ရှောင်များ သောက်သုံးရေရှားပါးမှုဖြင့်ရင်ဆိုင်နေရ
***********
ထွယ်
မေ ၄၊ ၂၀၂၄။
မြန်မာနိုင်ငံတွင် အပူချိန်မြင့်တက်လာသည့်အတွက် မကွေးတိုင်းရှိ စစ်ဘေးရှောင်ပြည်သူများ သောက်သုံးရေ ရှားပါးမှုပြဿနာများဖြစ်ပေါ်လျက်ရှိသည်ဟု စစ်ဘေးရှောင်များထံက သိရသည်။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတောကျေးရွာက စစ်ဘေးရှောင်ပြည်သူ ၃၀၀ ခန့်သည် ကိုင်းတောများတွင် စစ်ဘေးရှောင်နေရပြီး ပူပြင်းလှသည့်ယခုလိုနွေရာသီတွင် သောက်ရေရရှိရန် အခြားကျေးရွာများသို့ သွားရောက်ခပ်သယ်ယူနေရသည်ဟု စစ်ရှောင်အမျိုးသား ၁ ဦးဖြစ်သည့် အုန်းတောကျေးရွာဒေသခံ ဦးကျော်ဆန်းက သံလွင်ခက်ကို ပြောသည်။
၎င်းက “ကျွန်တော်တို့ ရေကို အိုအေစစ်ကနေ ယူထားတာလေးရှိတယ်ဗျ။ ဒါပေမယ့် ဒါက အမြဲတမ်းမရဘူး။ သူတို့ ရေမောင်းတဲ့ချိန်လေး သွားခပ်ရတာ။ အဲ့မှာမရရင် ကျွန်တော်တို့ ဆိုင်ကယ်တွေနဲ့သွားသယ်ရတယ်။ သောက်ရရုံ ပေါ့ဗျာ” ဟုပြောသည်။
ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ယခုနှစ်ဧပြီလနှင့် မေလအတွင်း အမြင့်ဆုံးအပူချိန်က ၄၄ ဒီဂရီစင်တီဂရိတ်ရှိပြီး ယခင်နှစ် ဧပြီလနှင့် မေလ၏အမြင့်ဆုံးအပူချိန်က ၃၅ ဒီဂရီစီတီဂရိတ်ရှိခဲ့သည်။
ရာသီဥတုအပူချိန်မြင့်တက်လာမှုကြောင့် ရေရှားပါးကာ ပေါက်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများသည်လည်း ဝမ်းရောဂါများခံစားနေရသည်ဟု စစ်ဘေးရှောင်တာဝန်ခံ ကိုအင်္ဂါ ကပြောသည်။
၎င်းက “၇၅ ရာခိုင်နှုန်းကတော့ မသန့်ရှင်းဘူးပေါ့ဗျ။ ကလေးတွေ ဗိုက်နာပြီး ဝမ်းလျှောနေကြတာ များတယ်။ လူကြီးတွေတော့ ခေါင်းမူးတာတွေ၊ မူးဝေတာတွေပေါ့။ အပူအားကြီးပြီး သွေးတိုးတာလားတော့ မသိဘူး။ အဲလိုမျိုးဟာတွေ ရှိနေတာဗျ” ဟု ပြောသည်။
အဆိုပါ အုန်းတောဒေသခံများ စစ်ရှောင်နေကြသည့်နေရာသည် စစ်ကောင်စီစစ်ကြောင်းတပ်စွဲသည့် နေရာများနှင့် နီးကပ်လွန်းသဖြင့် ဆေးဝါးကုသမှုပေးရန် ဆရာဝန်မရှိသည့်အပြင် စစ်ကောင်စီ၏ စစ်ကြောင်းများကြားက အခြားကျေးရွာသို့ သွားရောက် ဆေးကုသနေရသည်ဟုလည်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် အပူချိန်မြင့်တက်နေသောကြောင့် မတ်လလယ်ကနေ ဧပြီလကုန်ထိ မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအပါအဝင် ရန်ကုန်နှင့် နေပြည်တော် ကဲ့သို့ မြို့ကြီးများတွင် နေထိုင်သည့် ပြည်သူစုစုပေါင်း လူဦးရေ ၂၀၀ ခန့် သေဆုံးခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအသင်းများထံက သိရသည်။
အာဏာသိမ်းပြီးနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နေအိမ်မီးရှို့မှုများကြောင့် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတော (တောင်ရွာ) နှင့် (မြောက်ရွာ) က ဒေသခံစုစုပေါင်း လူဦးရေ ၆,၀၀၀ ခန့်သည် တိုက်ပွဲတိမ်းရှောင်နေရသည်မှာ နှစ်ဝက်ခန့်ရှိပြီဟု ဒေသခံများထံက သိရသည်။
အာဏာသိမ်း ၃ နှစ်တာကာလအတွင်း မကွေးတိုင်းရှိ ဒေသခံပြည်သူတို့၏ လူနေအိမ် ၁၃,၀၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ပြီး လူဦးရေစုစုပေါင်း ၂၃၅,၈၀၀ ဦးခန့်သည်လည်း ယနေ့ချိန်ထိ နေရပ်စွန့်ခွာကာ တိုက်ပွဲတိမ်းရှောင်နေရဆဲဖြစ်သည်ဟု UNHCR ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပုံစာ – မကွေးတိုင်း၊ ပေါက်မြို့နယ်က စစ်ဘေးရှောင်နေအိမ်နှင့် ပြည်သူများ။