အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားများ ပြဿနာများစွာရင်ဆိုင်နေရ
********
စကားမောင်
ဧပြီ ၃၀ ၊ ၂၀၂၄။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ အလုပ်သမားများအနေဖြင့် ကုန် ဈေးနှုန်း အဆမတန်မြင့်တက်လာမှုကြောင့် ပို၍ခက်ခဲလာပြီး ရှင်သန်ရပ်တည်ရေးကလည်း အလွန်ခက်ခဲကြပ်တည်းလာသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါဖြစ်ပေါ်၍ လုပ်ငန်းခွင်များရပ်တန့်ထားရပြီးနောက် စစ်တပ်က အာဏာသိမ်းခဲ့ပြန်သည်။
စစ်တပ်အာဏာသိမ်းယူခဲ့သော ၃ နှစ် ကျော်ကာလတွင် အလုပ်သမားများမှာ အလုပ်ကိုင်အခွင့်အလမ်းရှားပါးခြင်း၊ လုပ်ငန်းခွင်ဖိနှိပ်မှုများပြားခြင်း၊ လုပ်ခလစာနည်းပါးခြင်းများ စသည့် ပြဿနာများစွာနှင့် ဆက်တိုက်ရင်ဆိုင်နေရသည်ဟု သိရသည်။
“အာဏာသိမ်းပြီးနောက်ပိုင်း ကျွန်တော်တို့လုပ်ငန်းခွင်ထဲမှာဆိုရင် သွားရလာရတာရော၊ စစ်အုပ်ချုပ်ရေးနယ်မြေထဲရောက်နေတဲ့အခါကျတော့ အချိန်ပို – OT ဆင်းရတာ ညဆိုင်းဆင်းရတာတွေ မလွယ်ကူတော့ဘူး” ဟု စက်ရုံ အလုပ်သမားအမျိုးသား ၁ ဦးက ဆိုသည်။
စစ်ကောင်စီ၏ ညမထွက်ရအမိန့်နှင့် စစ်မှုမထမ်းမနေရဥပဒေများကြောင့် လုပ်ငန်းခွင်သွားလာရေးတွင်ခက်ခဲနေပြီး အချိန်ပိုမဆင်းနိုင်ဖြစ်ရသည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။
“လုပ်ငန်းခွင်ထဲမှာဆိုရင် လုပ်ငန်းရှင်တွေနဲ့ စစ်အုပ်ချုပ်ရေးနဲ့ ပေါင်းစည်းပြီးတော့ ဥပဒေကိုချိုးဖောက်မှုတွေ အများကြီးရှိတယ်။ လုပ်ငန်းရှင်တွေဘက်ကနေ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ချိုးဖောက်တာမျိုးရှိတယ်၊ ရပိုင်ခွင့်တွေ အကျိုးခံစားခွင့်တွေကို ချိုးဖောက်တာမျိုးတွေလည်းရှိတယ်”ဟု ပြောသည်။
စက်ရုံအလုပ်ရုံများမီးလောင်ခြင်း၊ ပိတ်သိမ်းခြင်းများကြောင့် အလုပ်သမားများအလုပ်လက်မဲ့ဖြစ်လာရပြီး နိုင်ငံခြားသို့ တရားမဝင်နည်းလမ်းများဖြင့် ရွှေ့ ပြောင်းလုပ်ကိုင်မှုများပြားလာကြသည်။
စက်ရုံတစ်ရုံတွင်လုပ်ကိုင်နေသည့် စက်ရုံအလုပ်သမား အမျိုးသမီး ၁ ဦးက “OT တွေကိုမတရားတွေဆင်းခိုင်းတယ်။ အာဝါဒီတွေ မတရားတောင်းတယ်။ အကြောင်းမဲ့အလုပ်ဖြုတ်တာမျိုးတွေ အများကြီးကြုံတွေ့ရတယ်ပေါ့ နော်။ ဧည့်စာရင်းကလည်း ၉ နာရီလောက်ဆို စစ်တာမျိုးတွေရှိတယ်။ အဲဒီအချိန်အိမ်မှာမရှိခဲ့ရင် အပြစ်ရှာခံ ရတယ်”ဟု ပြောသည်။
လက်ရှိတွင်ကုန်ဈေးနှုန်းမြင့်မားလာခြင်းကြောင့် စားသောက်ရေးနှင့် အဆောင်လခပေးနိုင်ရန်လည်း ခက်ခဲနေသည်ဟု ၎င်းကဆိုသည်။
“အလုပ်သမားဈေးကွက်ပျက်သွားတယ်လို့ ပြောလို့ရတာပေါ့။ ဒီလိုအခြေ အနေ မျိုးတွေကြောင့် လုပ်ငန်းရှင်တွေကလည်း အလုပ်သမားတွေကို ဈေးပေါပေါနဲ့ခေါ်ယူပြီးတော့ ခိုင်းစေတာတွေ၊ ဖိနှိပ်ခိုင်းစေတာတွေ၊ ခြိမ်းခြောက်ခိုင်းစေတာတွေကို အလုပ်သမားတွေက အများကြီးချိုးဖောက်ခံနေရတယ်။
အလုပ်သမားများသည် လုပ်ငန်းခွင်ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည့်အပြင် တော်လှန်ရေးအင်အားစုများနှင့်ပတ်သက်သည်ဟူသောအကြောင်းပြချက်များဖြင့် ခြိမ်းခြောက်ခံနေရသည်ဟုလည်း အမျိုးသားညီညွတ်ရေးအစိုးရ – NUG အလုပ်သမားဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးကျော်နီ ကဆိုသည်။
၎င်းက “အလုပ်သမားတွေကို PDFနဲ့ ပတ်သက်တယ်၊ NUG နဲ့ ပတ်သက်တယ်ဆိုတာမျိုးတွေ ခြိမ်းခြောက်ပြီးတော့လည်း အလုပ်သမားတွေကို ဖမ်းဆီးတာမျိုးတွေ အလုပ်သမားအခွင့်အရေးချိုးဖောက်နေတာတွေရှိတယ်”ဟု ပြောသည်။
အလုပ်သမားအခွင့်အရေးသည် စစ်အာဏာရှင်လက်အောက်တွင် လုံးဝရရှိနိုင်မည်မဟုတ်ကြောင်းနှင့် နွေဦးတော်လှန်ရေးကနေပေါ်ပေါက်လာမည့် ဖက်ဒ ရယ်ဒီမိုကရေစီခေတ်ရောက်မှသာ အလုပ်သမားအခွင့်အရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်မည်ဟုလည်း ၎င်းကဆက်လက်ပြောဆိုထားသည်။
NUG သည် အလုပ်သမားအရေးတွင် တိုင်ကြားယန္တရားနှင့် အချက်အလက်စု ဆောင်းခြင်းကို အဓိကလုပ်ဆောင်နေပြီး ပြည်တွင်း၊ ပြည်ပလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံရမှုများအား ဖြေရှင်းဆောင်ရွက်ပေးနေသည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံ၏ အခြေခံလုပ်ခလစာသည် ၁ ရက်လျှင် လုပ်အားခ ၄,၈၀၀ ကျပ်နှင့် စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနသတ်မှတ်ချက်အရ ထောက်ပံ့ကြေး ၁,၀၀၀ကျပ် အပါအဝင် စုစုပေါင်း ၅,၈၀၀ ကျပ်သာရရှိသည်။
ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုအပြီး ပြည်တွင်းရှိစက်ရုံများပိတ်သိမ်းခဲ့ရပြီး အလုပ်သမားဦးရေ ၁ သန်းခွဲ ထက်မနည်း အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO က ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။
မေလ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့တွင် ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားအား လုံးသည် လုပ်ခအပြည့်နှင့် အားလပ်ခွင့်ရရှိကြပြီး အစိုးရရုံးများ၊ အလုပ်ရုံများ၊ ဈေးဆိုင်များကိုပိတ်၍ အလုပ်သမားများ၏ အင်အားပြပွဲများ၊ စီတန်းလမ်း လျှောက်ခြင်းများကျင်းပလေ့ရှိသည်။
ဓာတ်ပုံ – ILO
****