ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်တွင် နောက်ထပ် ၁ ဦးထပ်မံသေဆုံး
******
ထွယ်
ဧပြီ ၂၇၊ ၂၀၂၄။
စစ်ကောင်စီသည် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်ကိုပင် ယခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ လေကြောင်းပစ်ခတ်တိုက်ခိုက်မှု ၃၀ ခန့် ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ဧပြီ ၂၅ ရက် ညတွင်လည်း စစ်ကောင်စီလေတပ်သည် ဝမ္မသူးဆေးရုံအား ပေါင် ၅၀၀ ဗုံး ၆ လုံးခန့်ဖြင့် ၂ ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
ဝမ္မသူးဆေးရုံကို စစ်ကောင်စီ၏လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသူ ၅ ဦးအထိရှိလာပြီး ပြင်းထန်ဒဏ်ရာရရှိ သူ ၁၅ ဦး ခန့် ရှိသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန် ထံက သိရသည်။
ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက်ယမန်နေ့တွင် သေဆုံးသူ ၄ ဦးရှိခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် နောက်ထပ် ၁ ဦး ထပ်မံသေဆုံးခဲ့သည်ဟု မင်းတပ်ဒေသခံ ဆလိုင်းနိုင်းဟုန်း က သံလွင်ခက်ကို ပြောသည်။
၎င်းက “ပြင်းထန်ဒဏ်ရာရတဲ့သူထဲက ထပ်တိုးပေါ့။ ဒဏ်ရာရတဲ့သူများတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝမ္မသူးဆေးရုံတွင် ဆေးကုသမှုခံယူနေရသည့် လူနာနှင့် လူနာစောင့်များတွင် ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးအထက်ရှိသည်ဟု သိရသည်။
ဝမ္မသူးဆေးရုံသည် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အပါအဝင် မတူပီမြို့နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မကွေး တိုင်း၊ ဆောမြို့နယ်၊ ယောမြို့နယ်၊ ကျောက်ထုမြို့နှင့် ဂန့်ဂေါမြို့နယ်တို့ကဒေသခံများလည်း လာရောက် ဆေး ကုသမှုခံယူနေသည့် ဆေးရုံဖြစ်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဝမ္မသူးဆေးရုံသည် မင်းတပ်မြို့နှင့် မိုင် ၃၀ ဝန်းကျင်တွင်တည်ရှိပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေတပ်က ဆေးရုံကို လေကြောင်းဖြင့်လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ် တိုက်နယ် – ၂ ကို ယမန်နေ့ကလည်း လေကြောင်းဖြင့် ၃ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု မင်းတပ်ဒေသခံ ကိုဇလပ်သွေး ထံက သိရသည်။
ဓာတ်ပုံ – Salai Naing Hung