မြဝတီမြို့တိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ
***********
သဇင်
ဧပြီ ၂၀၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့ တံတား ၂ အနီး ဖြစ်ပွားနေသည့် တိုက်ပွဲနေရာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေပြီး ဂျက်ဖိုက်တာဖြင့်လည်း နှစ်ကြိမ် ဗုံးကြဲပစ်ခတ်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ဧပြီလ ၂၀ ရက် မွန်းလွဲပိုင်း မြန်မာစံတော်ချိန် ၁၂ နာရီခွဲခန့် (ထိုင်းစံတော်ချိန် ၁ နာရီခန့်) တွင် စစ်ကောင်စီဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်ကြိမ် ကြဲချခဲ့ခြင်း ဖြစ်သည်။
ကျရောက်ပေါက်ကွဲခဲ့သည့် အဆိုပါ ဗုံး နှစ်လုံးသည် ထိုင်းနိုင်ငံနယ်နိမိတ်နှင့် နီးစပ်သည့် နေရာတွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု မြေပြင်တွင် ရောက်ရှိနေသည့် သံလွင်ခက်သတင်းထောက်က ပြောသည်။
ယနေ့မနက်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် မြဝတီမြို့ အမှတ် ၂ တံတားအနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် ကနဦး နံနက် ၉ နာရီကျော်တွင် Y-12 ထောက်ပို့ လေယာဉ်ဖြင့် ဗုံးအလုံးရေ ၄၀ ထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့သည်။ ထို့ပြင် နံနက် ၁၁ နာရီကျော်တွင် MI 35 ရဟတ်ယာဉ်ဖြင့် လေကြောင်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအပြင် တံတား ၂ အနီးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး ပြန်လည်ပစ်ခတ်မှုကြောင့် မြဝတီမြို့ အမှတ် ၅ ရပ်ကွက် နေအိမ်ဝင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု မြေပြင် ရောက်နေသော သံလွင်ခက်သတင်းထောက် တစ်ဦး ပေးပို့ချက်အရ သိရသည်။
ထို့ပြင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရွှေစည်းစိမ်ရပ်ကွက်အတွင်း နေအိမ်မီးလောင်မှုများနှင့် တံတား ၂ အနီးရှိ သိုလှောင်ရုံများ မီးလောင်မှုရှိနေသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ပုံစာ- ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချခဲ့ပြီးနောက် မြဝတီမြို့ မြင်ကွင်း။ (ဓာတ်ပုံ-သံလွင်ခက်)