၁၉၈၂ နိုင်ငံသားဥပဒေဖျက်သိမ်းရေးဆုံးဖြတ်ချက် ရိုဟင်ဂျာအရေးဆောင်ရွက်သူများကြိုဆို
*******
ယမင်းဖူးပွင့်အောင်
ဧပြီ ၁၁၊ ၂၀၂၄။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC က ဦးဆောင်ကျင်းပခဲ့သည့် ဒုတိယအကြိမ်ပြည်သူ့ညီလာခံ တွင်ဆုံးဖြတ်ခဲ့သည့် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေဖျက်သိမ်းရေးဆုံးဖြတ်ချက်ကို ကြိုဆိုသည်ဟု ရိုဟင်ဂျာအရေး ကူညီဆောင်ရွက်သူများထံက သိရသည်။
၎င်းဥပဒေသည် ရိုဟင်ဂျာလူမျိုးကို လူမျိုးသုဥ်းသတ်ဖြတ်ရန် နှစ်ရှည်စီမံကိန်းချရာတွင် တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေပြီး အဆိုပါ ဥပဒေဖျက်သိမ်းမည့်ဆုံးဖြတ်ချက်ကို ကြိုဆိုသည်ဟု ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ – FRC ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က သံလွင်ခက်ကိုပြောသည်။
“၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေက ရိုဟင်ဂျာလူမျိုးကို တိုင်းရင်းသားစာရင်းကပယ်ဖျက်ပြီး၊ နိုင်ငံတွင်းမှာ နိုင်ငံမဲ့ပုံစံဖြစ်အောင် သေချာစီမံပြီး ပြဋ္ဌာန်းထားတဲ့ဥပဒေပါ။ ဒီဥပဒေက အခြားသောလူမျိုးများကိုလည်း ခွဲခြားဆက်ဆံပါတယ်။ ဒီဆုံးဖြတ်ချက်ကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ မည်သူတစ်ဦးတစ်ယောက်ကိုမှ ခွဲခြားဆက်ဆံမှုမရှိတဲ့၊ တန်းတူညီမျှရှိပြီး မွေးရာပါနိုင်ငံသားအခွင့်အရေး အပြည့်အဝပေးတဲ့ ဥပဒေသစ်တစ်ရပ်ကို အမြန်ဆုံးပြဋ္ဌာန်းဖို့ လိုပါတယ်” ဟုဆိုသည်။
မြန်မာနိုင်ငံသားဥပဒေကို ၁၉၈၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီလက်ထက်တွင် ပြဋ္ဌာန်းခဲ့သည်။
၁၉၈၂ ဥပဒေအရ မြန်မာနိုင်ငံသားဆိုသည်မှာ နိုင်ငံတော်တွင်ပါဝင်သောနယ်မြေတစ်ခုခု၌ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလကစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများကို ဆိုလိုသည်ဟု ပြဋ္ဌာန်းထားသည်။
လူ့အခွင့်အရေးနှင့်တန်းတူညီမျှမှုအပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုဖော်ဆောင်ရာတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် မရှိသင့်သောကြောင့် ဖျက်သိမ်းဖို့ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ပြည်သူ့ညီလာခံ ကျင်းပရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေး က ပြောသည်။
၎င်းက “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်မှာဆိုရင် လူ့အခွင့်အရေးအပြည့်အဝရှိရမယ်။ တန်းတူညီမျှမှု အပြည့်အဝရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သွားနေတဲ့တော်လှန်ရေးဖြစ်တယ်။ ဒီလိုခွဲခြားနှိမ်ချတဲ့ နိုင်ငံသား ဥပဒေက မရှိသင့်တဲ့ကိစ္စဖြစ်တယ်။ ဒါကြောင့်မို့လို့ ညီလာခံတက်လာတဲ့ ကိုယ်စားလှယ်တွေက အဆိုတင်သွင်းပြီး ဆွေးနွေးပြီး ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်” ဟုဆိုသည်။
၁၉၈၂ နိုင်ငံသားဥပဒေဖျက်သိမ်းရေးနှင့်ပတ်သက်၍ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ဖော်ပြချက်ပါ ကြားကာလဥပဒေပြုရေးအခန်း ၅ ၏ ဆက်လက်ဆောင်ရွက်သွားရန် NUCC က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ ရက်ကလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အနေဖြင့် ၂၀၁၅ အမျိုး၊ ဘာသာ၊ ကာကွယ်စောင့်ရှောက်ရေးဥပဒေများနှင့် ၁၉၈၂ နိုင်ငံသားဥပဒေများအပါအဝင် ခွဲခြားဆက်ဆံသည့် ဥပဒေများကို ပြင်ဆင်ရေးဆွဲရန် (သို့) ဖျက်သိမ်းရန် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
နွေဦးတော်လှန်ရေးကာလဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ NUCC က ဦးဆောင်၍ ဧပြီ ၄ ရက်ကနေ ၉ ရက်အထိ ၅ ရက်ကျင်းပခဲ့သည်။