တစ်နှစ်ပြည့်သွားတဲ့ မုဆိုးမရွာ သို့မဟုတ် ပဇီကြီး
******
ကောင်းချစ်အောင်
ဧပြီ ၁၁၊ ၂၀၂၄။
“ယောကျာ်းရော သားကိုရော မျက်နှာမတွေ့ခဲ့ရဘူး။ စားလက်စ ထမင်းခွက်လေးကိုချ၊ မြေးလေးကိုချီပြီး ပြေးလာခဲ့ရတာ”
ဒီစကားတွေကိုပြောနေသူကတော့ လွန်ခဲ့တဲ့ ၁ နှစ်က ငရဲခန်းကို လက်ရှိအချိန်ထိ မမေ့ပျောက်နိုင်သေးတဲ့ အသက် ၄၀ နှစ်အရွယ် ဒေါ်ယဉ်ယဉ် (အမည်လွှဲ) ပါ။
ခင်ပွန်းနဲ့ သား ၂ ယောက်လုံးကို တစ်မနက်တည်းတင် ဆုံးရှုံးလိုက်ရတဲ့အတွက် ဧပြီ ၁၁ ရက်ဟာသူမအတွက်တော့ တစ်သက်မမေ့နိုင်စရာ အတိတ်ဆိုးတစ်ခု မှတ်ဉာဏ်တွင်းကျန်ရစ်နေပါတယ်။
ခင်ပွန်းဖြစ်သူဟာ ရွာအုပ်ချုပ်ရေးမှူးရုံးအသစ်ဖွင့်ပွဲအတွက် အခင်းမဖြစ်ပွားခင်ညကတည်းက သွားရောက်ပြင် ဆင်နေတာဖြစ်ပြီး သားဖြစ်သူကတော့ မနက်စာအလျင်စလိုစားပြီး ဖခင်ကို သွားကူပေးတာလို့ဆိုပါတယ်။ သားဖြစ်သူကို နောက်ဆုံးအကြိမ်တွေ့ရတာလို့ ဒေါ်ယဉ်ယဉ်တစ်ယောက် အဲဒီတုန်းက တွေးခဲ့မိမှာ မဟုတ်ပါဘူး။
“သေချာတောင်မနှုတ်ဆက်လိုက်ရဘူး ထမင်းခဲကြမ်းလေး စားပြီးထွက်သွားတာ”လို့ အဲတုန်းက အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြပါတယ်။
သူကတော့ မြေးဖြစ်သူကိုချီပိုးကာ အိမ်စော့င်ရင်းကျန်နေခဲ့ပါတယ်။ ရုံးဖွင့်ပွဲကို အကျွေးအမွေးအစားအသောက်နဲ့ ဧည့်ခံတာဟာ ရပ်ရွာဓလေ့တစ်ခုဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
နာရီဝက်လောက်အကြာမှာပဲ ဂျိန်းခနဲပေါက်ကွဲသံကြားလိုက်ရပါတယ်။ အဲဒီအသံက အလှူမဏ္ဍပ်ရှိရာဆီက လာ တာလို့ ဒေါ်ယဉ်ယဉ် သတိပြုလိုက်မိပါတယ်။ စားလက်စထမင်းပန်းကန်ကိုချ၊ မြေးလေးကိုချီပိုးပြီး အသံလာရာဆီ ပြေးထွက်ခဲ့ပေမယ့် ရဟတ်ယာဉ်နဲ့ ပစ်ခတ်သံကြားရချိန်မှာတော့ ဆန့်ကျင် ဘက် ရွာအပြင်ဘက်အထိ ပြေးခဲ့ရပါတယ်။
“ရုန်းရင်းဆန်ခတ်ဖြစ်နေတော့ ဘယ်သူကမှန်း သေချာမမှတ်မိလို့ ရဟတ်ယာဉ်သံကြားတယ်၊ ပြေးပြေးလို့ အော် ပြောသံကြားရတာနဲ့ လှည့်ပြေးခဲ့တာ”လို့ သူမလွတ်မြောက်ခဲ့ပုံကို ပြောပြပါတယ်။
စစ်ကောင်စီကလေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲချခဲ့ရတဲ့အပြင် စက်သေ နတ်နဲ့ပါ ပစ်ခတ်ခံခဲ့ရတဲ့ အဲဒီနေရာလေးဟာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက မထင်မရှား ပဇီကြီးရွာလေးပဲ ဖြစ်ပါတယ်။
လျှပ်စစ်မီးတောင်မရသေးတဲ့ရွာလေးဟာ ကန့်ဘလူမြို့ကနေ ကားနဲ့ ၁ နာရီခွဲဝန်းကျင်သွားရပြီး ကျေးလက်ဆေး ပေးခန်း ၁ ခုနဲ့ အလယ်တန်း(ခွဲ) ၁ ကျောင်းသာရှိပါတယ်။
ကန့်ဘလူမြို့နယ်ဟာ ၅၅၀ ဆရာတော်လို့လူသိများတဲ့ ဦးဝါသဝရဲ့ ပျူစောထီးပြည်သူ့စစ်တွေအားကောင်းတဲ့ ဒေသဖြစ်ပေမယ့် ပဇီကြီးကတော့ ၂၀၂၀ ရွေး ကောက်ပွဲကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ကို ထောက်ခံမှုအားကောင်းတဲ့အတွက် အာဏာသိမ်းအပြီးမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကို အသိအ မှတ်ပြုခဲ့တဲ့ ရွာလေး ၁ ရွာပါ။
NUG လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကိုထူထောင်ထားပြီး ရပ်ရွာလုံခြုံရေးကိုလည်း ရွာသူရွာသားတွေ ကပဲ လုပ်ဆောင်နေကြပါတယ်။
စစ်ကောင်စီကတော သူတို့ရဲ့ထိန်းချုပ်မှုကင်းလွတ်နေတဲ့ ပဇီကြီးရွာကို အငြိုး ထားခဲ့ပုံပေါ်ပြီး ၂၀၂၃ခု နှစ် ဧပြီလ ၁၁ ရက်မှာ ဖြစ်ပွားခဲ့တဲ့ အကျည်း တန်တဲ့လေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ပါတော့တယ်။
ရွာအပြင်ဘက်မှာ ပြောင်းရွှေ့တည်ဆောက်ထားတဲ့ အုပ်ချုပ်ရေးရုံးအနားကကွင်းပြင်မှာပဲ ရုံးဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့တာဖြစ်ပြီး ပဇီကြီးရွာကအပြင် မလည်တိုက်နယ်ထဲက ရွာသူရွာသားတွေလည်း လာရောက်ခဲ့ကြပါတယ်။
ပေါင် ၅၀၀ ဗုံး ၂ လုံးက ပွဲကျင်းပနေတဲ့ကွင်းပြင်ပေါ်ကို တည့်တည့်ကျရောက်ခဲ့သလို မိနစ်ပိုင်းအတွင်းမှာပဲ စစ်သုံးရဟတ်ယာဉ်နဲ့ လှည့်ပတ်ပစ်ခတ်ခဲ့ပါတယ်။ ရပ်ရွာဓလေ့အလှူအတမ်းပွဲဟာ ချက်ချင်းဆိုသလို သုဿာန် တစပြင်အဖြစ် ပြောင်းသွားခဲ့ပါတယ်။
NUG က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ စစ်ကောင်စီက Yak – 130 တိုက်လေယာဉ်၊ A-5 ဗုံးကြဲလေယာဉ်နဲ့ Mi-35 ရဟတ်ယာဉ်တွေကို အသုံးပြုခဲ့တယ်လို့ လက်နက်ကျွမ်းကျင်သူ ကိုမင်းမင်း က အသေးစိတ်ရှင်းလင်းထားပါတယ်။ ပေါင် ၅၀၀ ဗုံး ၂ လုံး၊ ၂၃ မီလီမီတာနဲ့ ၃၀ မီလီမီတာ စက်လက်တွေကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
စစ်အခြေစိုက်စခန်းကိုပစ်မှတ်ထားတဲ့ စစ်ဆင်ရေးအဆင့်လက်နက်တွေ အသုံးပြုခဲ့တဲ့အတွက် ၁၆၈ ယောက်အထိ သေဆုံးခဲ့ရပြီး လက်ရှိအချိန်အထိ သမိုင်းတလျှောက် အသေအပျောက်အများဆုံး အဖြစ်ဆိုးကြီးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ပဇီကြီးဟာ KIA နဲ့ PDF တွေ အဓိကစစ်ရေးလှုပ်ရှားတဲ့ စစ်ကိုင်း တိုင်းမြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းတောင်ပိုင်းကို လက်နက်ခဲယမ်းတွေပို့ဖို့ အဓိက စခန်းထောက်နေရာတစ်ခုဖြစ်တဲ့အတွက် အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီကမြဝတီသတင်းစာကနေတဆင့် ဧပြီ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလ ၁၄ ရက် မနက်ပိုင်းက ထုတ်လွှင်တဲ့ Radio NUG အစီအစဉ်မှာတော့ “ဒါဟာ လျှို့ဝှက်အစည်း အဝေးတစ်ခု မဟုတ်ပါဘူး။ ရပ်သိရွာသိပြုလုပ်တဲ့ အစီအစဉ်တစ်ခုသာဖြစ်တယ်”လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က ဆိုခဲ့ပါတယ်။
ပဇီကြီးရွာဟာ တိုက်ပွဲလည်းမဖြစ်သလို အတော်အသင့်ငြိမ်းချမ်းတဲ့ နေရာတစ်ခုလို့လည်း သုံးနှုန်းသွားခဲ့ပါတယ်။ လေကြောင်းတိုက်ခံရမှုကြောင့် သေဆုံးသူတွေထဲမှာ ၁၅၀ လောက်က ပဇီကြီးရွာကဖြစ်ကြပြီး ကျန်သူတွေက တော့ အနီးအနားရွာတွေက ဖြစ်ပါတယ်။
“ကျွန်မတို့ရွာကတော့ မုဆိုးမရွာလိုဖြစ်သွားပြီ။ ယောကျာ်းသားတွေ အများကြီးပါသွားတော့ လုပ်နေကျ လယ်ယာအလုပ်တောင်လုပ်ရတာ အဆင်မပြေတော့ဘူး”လို့ ဒေါ်ယဉ်ယဉ်က ဆိုပါတယ်။
၃ ရက်တိုင်တဲ့အထိ အလောင်းကောက်လို့မပြီးခဲ့ဘဲ တချို့ရုပ်အလောင်းတွေဆိုရင် ဘယ်သူဘယ်ဝါမှန်းတောင် ခွဲခြားလို့မရတော့တာတွေလည်းရှိပါတယ်။
စစ်ကောင်စီလေယာဉ်တွေဟာ ပဇီကြီးရွာအပေါ် ဆက်တိုက်ဝဲပျံနေခဲ့ပြီး အန္တရာယ်တွေကြားကပဲ အပျက်အစီး ရှင်းလင်းတာတွေနဲ့ အလောင်းကောက်တာတွေ လုပ်ဆောင်ခဲ့ရပါတယ်။ တစ်ရွာလုံး နာရေးအပြည့်ဖြစ်ခဲ့ပြီး ရက် လည်အလှူကိုလည်း ရွာဓလေ့အတိုင်း အကျွေးအမွေးနဲ့ ကောင်းမှုကုသိုလ်မလုပ်ပေးနိုင်တော့ဘဲ လေကြောင်းရန် ကြားကသာ တိတ်တဆိတ်ကျင်းပခဲ့ကြရပါတယ်။
“ဘဝဆက်တိုင်းဆက်တိုင်း မင်းဆိုးမင်းညစ်တွေနဲ့ မတွေ့ပါရစေနဲ့လို့ပဲ ကျွန်မတို့က သူတို့အတွက် ဆုတောင်းတယ်” လို့ သား ၂ ယောက်ဆုံးရှုံးခဲ့ရတဲ့ မရီရီ(အမည်လွှဲ)က ပြောပါတယ်။
စစ်ကောင်စီခြေလျင်တပ်တွေကတော့ ရွာအတွင်းဝင်ရောက်ပြီး ၁ ပတ်လုံးလုံး မီးရှို့မှုတွေလုပ်ဆောင်ခဲ့ပြီး ဧပြီ ၂၀ ရက်မှာလည်း ထပ်မံဗုံးကြဲခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီကဝန်ခံထားပေမယ့် အသေအကြေများသွားရတဲ့ အကြောင်းအရင်းကို တော့ သိုလှောင်ထားတဲ့ယမ်းလှောင်ရုံတွေကိုထိလို့ ပေါက်ကွဲမှုပိုကြီးသွားရတာလို့ ငြင်းဆိုခဲ့ပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ၁ လကျော်ကြာတဲ့အထိ ပဇီကြီးရွာသားတွေခမျာ ရွာထဲပြန်မဝင်ရဲကြဘဲ ဘေးလွတ်ရာ ရွာနီးတောစပ်တွေမှာ တိမ်း ရှောင်နေခဲ့ကြရပါတယ်။
“ကျွန်တော်တို့ကို ကိုယ့်ဗုံးကိုထိပြီး သေတယ်လို့ဝန်ခံစေချင်နေတာ”လို့ ပဇီကြီးရွာခံ အသက် ၆၀ကျော်အရွယ် ဦးအေးရွှေ(အမည်လွှဲ)က ပြောပါတယ်။
သေဆုံးသူတွေထဲမှာ သူနဲ့အမျိုးတော်စပ်သူ ၂၀ ဝန်းကျင်ရှိခဲ့သလို့ သူကိုယ်တိုင်လည်း သမက်တွေ၊ မြေးတွေ ဆုံးရှုံးခဲ့ရပေမယ့် မုဆိုးမဖြစ်သွားတဲ့ သမီးဖြစ်သူတွေ စိတ်ဓာတ်မပြိုလဲသွားအောင် နှစ်သိမ့်ပေးနေရတယ်လို့ ပြောပါတယ်။
“ကျွန်တော်နဲ့အမျိုးမကင်းတဲ့သူတွေက ၂၀ ဝန်းကျင်ပဲ။ သမီးဖြစ်သူတွေက တော့ တငိုငိုတရယ်ရယ် ဆက်တိုက်ဖြစ်ခဲ့တာ၊ သူတို့ကိုပဲ နှစ်သိမ့်နေရတာပါပဲ”လို့ သူကဆိုပါတယ်။
၁ နှစ်ကျော်ကြာသွားပေမယ့် မနေ့တနေ့ကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်လိုပဲ ပြန်မြင်ယောင်နေမိတဲ့ ပဇီကြီးရွာသား တွေဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် အခုချိန်အထိ နားမလည်နိုင်ဖြစ်နေကြဆဲပါ။
ဦးအေးရွှေကတော့ “ကျွန်တော်တို့ တစ်ရွာလုံးကိုပဲ သတ်ချင် လိုက်ဖမ်းချင်နေတာမျိုးလို့တောင် ကောက်ချက်ချမိတယ်ဗျာ”လို့ ဆိုပါတယ်။