၂၀၂၃ ခုနှစ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု ၂၇၀ ရာခိုင်နှုန်းတိုးလာ
*******
သဇင်
ဧပြီ ၁၁၊၂၀၂၄။
မြန်မာနိုင်ငံတွင် မြေမြှပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်ပျံ့နှံ့မှုကြောင့် ထိခိုက် သေဆုံးမှုသည် ၂၀၂၃ ခုနှစ်အတွင်း ၂၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လာခဲ့သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာညှိုနှိုင်းရေးရုံး – UNOCHA က ယမန်နေ့တွင်ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် မြေမြှပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိ ခိုက်သေဆုံးသူအရေအတွက် ၃၉၀ ဦးရှိခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ၁,၀၅၂ ဦးအထိ ရှိလာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါအရေအတွက်သည် UNOCHA ကမှတ်တမ်းတင်ထားသော အမြင့်ဆုံးထိခိုက်သေဆုံးခဲ့သည့် ၂၀၂၂ ခုနှစ် ထက် ၂၇၀ ရာခိုင်နှုန်း မြှင့်တက်လာခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ကလေးသူငယ်များ၏ ထိခိုက်သေဆုံးမှုနှုန်းသည် ထိုအရေအတွက်၏ လေးပုံတစ်ပုံ (၂၁ ရာခိုင်နှုန်း နီးပါး) ပါဝင်နေသည်ဟု ထုတ်ပြန်ချက်အရသိရသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ နေရပ်စွန့်ခွာတိမ်းရှောင်ရသူအများဆုံးရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ထိခိုက်သေဆုံးမှု အများဆုံး (၃၅ ရာခိုင်နှုန်း) ၊ ရှမ်းပြည်နယ်တွင် (၁၂ ရာခိုင်နှုန်း)ဖြင့် ဒုတိယအများဆုံးနှင့် ပဲခူးတိုင်းဒေသကြီးတွင် (၉ ရာခိုင်နှုန်း)ဖြင့် တတိယအများဆုံး ဖြစ်သည်ဟု သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစတင်ပြီး နေပြည်တော်ကလွဲ၍ မြန်မာနိုင်ငံတဝန်းရှိ တိုင်းဒေသကြီးနှင့်ပြည်နယ် အားလုံးတွင် မြေမြှပ်မိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာများတွင် ဖော်ပြထားသည်။
ထိုအခြေနေများကို ကိုယ်တွယ်ဖြေရှင်းရန် ကူညီထောက်ပံ့မှုများလိုအပ်နေပြီဟု UNOCHA က ထုတ်ပြန်ထား သည်။
ဓာတ်ပုံ- UNOCHA
ပုံစာ-မြန်မာနိုင်ငံရှိ စစ်ဘေးဒုက္ခသည် ကလေးငယ်များ။
************
Telegram– > https://t.me/ThanLwinKhetNews/4269
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=9193