ရာသီချိန် မွန်အတာအိုး ရောင်းအားကျ
***********************************
သဇင်
ဧပြီ ၅၊ ၂၀၂၄။
မွန်ပြည်နယ် မော်လမြိုင်မြို့ မုပွန်ရပ်ကွက်ရှိ အိုးရုံလုပ်ငန်းများတွင် ပုံမှန်ရောင်းအားမြင့်ကာလ ရာသီပွဲတော် သင်္ကြန်ကာလရောက်သည့်တိုင် မြေအိုး၊ မြေထည် အတာအိုးရောင်းအား ကျဆင်းနေသည်ဟု အိုးလုပ်ငန်းရှင်များထံမှ သိရသည်။
ယခင်က မြန်မာရိုးရာနှစ်သစ်ကူး သင်္ကြန်ကာလရောက်လာတိုင်း ယခုလို အချိန်တွင် ရာသီပွဲတော်အတွက် သင်္ကြန်အိုးဝယ်ယူသူ များပြားခဲ့သော်လည်း လက်ရှိတွင် အရောင်းအဝယ်နည်းနေခြင်း ဖြစ်သည်ဟု မုပွန်အိုးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“အရောင်းအဝယ် နည်းနည်းပါးတယ်။ ပို့ရမယ့် နေရာတွေက တိုက်ပွဲဖြစ်နေတော့ ပို့မရဘူး။ ဝယ်သူတွေကလည်း မလာကြဘူးလေ။ ကိုဗစ်မတိုင်ခင်ကဆိုရင် အိုးက ထွက်သလောက် အကုန် ရောင်းရတယ်။ အခုကကျတော့ အိုးတွေ ကျန်နေမှာစိုးလို့ နည်းနည်းလေးပဲ လုပ်ကြတော့တယ်” ဟု ၎င်းကဆိုသည်။
မုပွန်ရပ်ကွက်တွင် အိုးရုံလုပ်ငန်း ၁၀ ရုံခန့်ရှိပြီး မုပွန်ရပ်ကွက်ရှိ အိုးလုပ်ငန်းနေရာသည် မွန်ပြည်နယ်အတွင်း အကြီးဆုံး အိုးထုတ်လုပ်သည့် နေရာဖြစ်သည်။
မုပွန်အိုးရုံတွင် ငါးပိအိုး၊ ငါးပိသိပ်အိုး (စဉ့်အိုးသေး)၊ ငရုတ်ဆုံ၊ ပန်းအိုးများနှင့် ရာသီပွဲတော်တွင် ဆီမီးခွက်၊ ဆွမ်းသပိတ်နှင့် ကလေးကစားစရာ အရုပ်များ (အိုးပုတ်) စသည့် မြေအိုးမြေထည်များကို အဓိက ထုတ်လုပ်ရောင်းချနေခြင်းဖြစ်သည်။
ရာသီပွဲတော်ကာလများတွင် ရာသီအလိုက် အိုးအမျိုးမျိုး ရောင်းရလေ့ရှိပြီး ယခုနှစ် ရောင်းအားသည် ၂၀၁၉ ခုနှစ် ကိုဗစ်မတိုင်ခင်ကာလထက် သုံးပုံနှစ်ပုံခန့် ဝယ်လိုအားကျဆင်းသွားသည်ဟု ပြည့်လျှံအိုးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“ကိုဗစ်မဖြစ်ခင်ကတော့ အခုလိုကာလမှာ အတာအိုး အလုံး သုံးထောင်လောက် အော်ဒါ ရတယ် ဆိုရင် အခုက တစ်ထောင်လောက်ပဲ ရှိတော့တယ်။တခါတလေဆိုရင်လည်း လေးငါးရာလောက် မှာထားပြီး တစ်ရာလောက်ပဲယူသွားတာမျိုးလည်း ကြုံရတယ်။ ကျန်တဲ့ဟာတွေကိုကျတော့ ပုံရောင်းပေါ့။ တစ်ယောက်စ နှစ်ယောက်စ လာဝယ်တာတော့ ရှိတာပေါ့” ဟု ပြောသည်။
ကိုဗစ်ကာလမှစပြီး နိုင်ငံရေးမတည်ငြိမ်မှု၊ ကျွမ်းကျင်အလုပ်သမားရှားပါးမှု၊ ကုန်ကြမ်းဝယ်ယူရခက်ခဲသည့် အခြေအနေများကြောင့် အိုးလုပ်ငန်းများအကြပ်အတည်းမျိုးစုံကို ရင်ဆိုင်နေခဲ့ရသည်။
ကိုဗစ်ကာလ မတိုင်ခင်က အိုးလုပ်ငန်းမှ တစ်လဝင်ငွေ သိန်း ၂၀ကျော်ရရှိခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါအလွန် အာဏာသိမ်းကာလတွင် ထက်ဝက်ခန့်ကျဆင်းခဲ့ပြီး အာဏာသိမ်းသုံးနှစ်ကျော်ကာလ၌ ရောင်းအားမရှိတော့သည်အထိ ကျဆင်းလာခဲ့သည်ဟု အိုးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးက ဆိုသည်။
မြေအိုးမြေထည်လုပ်ငန်းသည် မွန်လူမျိုးတို့၏ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ပြီး လက်ရှိတွင် ကျွမ်းကျင်လုပ်သားရှားပါးမှုကလည်း အခက်အခဲတစ်ခုဖြစ်နေသည်ဟု အိုးလုပ်ငန်းရှင်များထံမှ သိရသည်။
“အခုလက်ရှိမှာဆိုရင် ရှိတဲ့သူနဲ့ပဲ ဟိုရုံ ပြေးလိုက် ဒီရုံ ပြေးလိုက် လုပ်နေရတာ။ ခုခေတ်လူငယ်တွေကလည်း ဒီအလုပ်ကို စိတ်မဝင်စားကြဘူး။ ဘယ်သူမှလည်း မသင်ချင်ကြဘူး။ အခုလုပ်နေတဲ့အထဲမှာဆိုရင် သက်ကြီးပိုင်းတွေပဲ ရှိတော့တယ်” ဟု ပြည့်လျှံအိုးလုပ်ငန်းရှင်က ပြောသည်။
မြေအိုးမြေထည်လုပ်ငန်းများကို မွန်ပြည်နယ်အတွင်းရှိ ဘီးလင်း၊ သထုံ၊ ပေါင်၊ သံဖြူဇရပ်နှင့် မုဒုံ စသည့်မြို့နယ်များတွင်လည်း လုပ်ကိုင်နေသေးသည်။
မော်လမြိုင်မြို့ မုပွန်ရပ်ကွက်မှ ထွက်ရှိသည် အိုးများကို မွန်ပြည်နယ်အနှံ့ ဖြန့်ဖြူးရောင်းချနေသည့်အပြင် တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တွင်လည်း ဖြန့်ဖြူးရောင်းချနေသည်ဟု အိုးလုပ်ငန်းရှင်များက ပြောသည်။
ပုံစာ-မြန်မာရိုးရာအတာသင်္ကြန်အိုး။